ကလေး၊ စက်တင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နည်နှင့် ချင်းပြည်နယ် တီးတိန်မြို့နယ်တို့တွင် ယခုရက်ပိုင်းအတွင်း အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ချောင်းရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည်။
စက်တင်ဘာ ၂ ရက်၊နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ နရဉ္ဇရာချောင်းမှ ချောင်းရေလျှံကာ ဖောင်းကူးကျေးရွာအတွင်းသို့ ရုတ်တရက် ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှနယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ရေဘေးသင့် ပြည်သူများကို ကလေးမြို့ မြို့တော်ခန်းမနှင့် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတို့၌ ယာယီရေဘေးရှောင်စခန်းများ ဖွင့်လှစ်၍ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုပါ ဆောင်ရွက်ပေးလျက်ရှိသည်။
အလားတူ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စက်တင်ဘာ ၂ ရက် မွန်းလွဲပိုင်းတွင် ခိုင်ကမ်းမြို့ရှိ ဆည်ကြီးချောင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ကမ်းပါးပြိုကျကာ အမှတ် (၁) ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ကျောင်းနှင့် နေအိမ်တစ်လုံး ရေစီးနှင့်မျောပါသွားခဲ့သည်။
အဆိုပါ ရေကြီးမှုကြောင့် လူနှင့် တိရစ္ဆာန် သေဆုံးထိခိုက်မှု မရှိဘဲ မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်မှု မရှိကြောင်း သိရကာ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ချက်ချင်း ဆောင်ရွက်နိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကူညီရေးအဖွဲ့များက စနစ်တကျ စုဖွဲ့စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
