နေပြည်တော်၊ ဇူလိုင် ၃၁
၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပပြီးစီးခဲ့သည့် အထွေထွေရွေးကောက်ပွဲ၏ နောက်ဆက်တွဲအဖြစ် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၂၇ ခုနှစ်အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇူလိုင် ၃၁ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားစဉ် သမ္မတက ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးအတွက် အထွေထွေရွေးကောက်ပွဲများ ကျင်းပပေးခဲ့ပြီး လက်ရှိတွင် မဲဆန္ဒနယ် ၆၈၈ နယ်မှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၁၀၂၅ ဦးက ဥပဒေပြုတာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် ပြည်ထောင်စုအစိုးရဖွဲ့စည်းပြီးနောက် လစ်လပ်သွားသည့် မဲဆန္ဒနယ်များနှင့် ယခင်အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့် နေရာများအတွက် ၂၀၂၇ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၈၉ နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၅ နယ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၆၈ နယ် စုစုပေါင်း မဲဆန္ဒနယ် ၁၇၂ နေရာကို မြို့နယ် ၁၀၂ မြို့နယ်တွင် မဲအများဆုံးရသူ အနိုင်ရသည့်စနစ် (FPTP) ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိတွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ပြုစုခြင်း၊ မဲပေးစက်များ ဖြန့်ခွဲခြင်းနှင့် အခြားရွေးကောက်ပွဲအကြို လုပ်ငန်းစဉ်များကို သက်ဆိုင်ရာအဖွဲ့အစည်းများက စနစ်တကျ ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတ၏ ပြောကြားချက်အရ သိရသည်။