မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းသည် လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှ ၁၉ ရက်အထိ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၅ အာရှဖလား အမျိုးသမီးဖူဆယ်ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်ရန် ပဏာမကစားသမားများစာရင်းကိုထုတ်ပြန်ခဲ့သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်း ၏ နည်းပြချုပ် Mr. Bunlert Charoenwong မှ ပဏာမကစားသမား(၁၉)ဦးပါဝင်သည့် စာရင်းကိုအသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ဒီဇင်ဘာ ၁၅ ရက်မှစတင်၍ သုဝဏ္ဏဘောလုံးကွင်း၌ စခန်းသွင်းလေ့ကျင့်မှုများ၊ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမှုများပြုလုပ်သွားမည်ဖြစ်သည်။
ပဏာမမြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းအား YRG FC , DIVINE FC , Pacific Sun Far FC , Kachin State တို့မှကစားသမားကို စုဖွဲ့ရွေးချယ်ထားခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းသည် ၂၀၂၅ အာရှဖလား အမျိုးသမီးဖူဆယ်ခြေစစ်ပွဲ၌ အုပ်စု(D)တွင် ဗီယက်နမ်၊ တရုတ်တိုင်ပေ၊ မကာအိုအသင်းများနှင့်အတူ ကျရောက်နေကာ ဇန်နဝါရီ ၁၅ ရက်တွင်ဗီယက်နမ်အသင်း၊ ဇန်နဝါ ရီ ၁၇ရက်တွင် တရုတ်တိုင်ပေအသင်း၊ ဇန်နဝါရီ ၁၉ ရက်တွင် မကာအိုအသင်းတို့နှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
၂၀၂၅ အာရှဖလား အမျိုးသမီးဖူဆယ်ခြေစစ်ပွဲများကို အိမ်ရှင်နိုင်ငံများအဖြစ် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် ဥဇဘက်ကစ္စတန်တို့တွင်ကျင်းပသွားမည်ဖြစ်ကာ ၁၉ သင်းဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်၍ အုပ်စု(၄)စုခွဲထားပြီး အုပ်စုတစ်စုချင်းစီး၏ ထိပ်ဆုံးရပ်တည်မှု(၂)သင်း(စုစုပေါင်း ၈ သင်း)နှင့် အုပ်စု(၄)စုအနက် အကောင်းဆုံးအုပ်စု တတိယရအသင်း(စုစုပေါင်း ၉ သင်း)ခြေ စစ်ပွဲအောင်မြင်မည်ဖြစ်သည်။