Tehran မြို့တော်၏ အရှေ့ဘက် ပါဒစ်ဒေသတွင် တစ်ညအတွင်း အသေးစားငလျင် ကိုးကြိမ်ဆက်တိုက် လှုပ်ခတ်ခဲ့ကြောင်း အစိုးရတစ်ပိုင်း သတင်းဌာန Mehr က ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့ပြီးနောက် မြို့တော်တေရန်တွင် အင်အားပြင်း ငလျင်ကြီးတစ်ခု ဖြစ်ပွားလာနိုင်ခြေအပေါ် စိုးရိမ်မှုများ ပြန်လည်ထွက်ပေါ်လာခဲ့သည်။
တေရန်မြို့နှင့် အနီးတစ်ဝိုက်ဒေသများသည် တက်ကြွသော ပြတ်ရွေ့ကြောများစွာအနီးတွင် တည်ရှိနေပြီး မြေအောက်၌ စုပုံနေသော ငလျင်ဖိအားများကြောင့် အနာဂတ်တွင် ပိုမိုပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။
အဆိုပါဒေသတွင် ငလျင်ငယ်များ မကြာခဏ လှုပ်ခတ်လေ့ရှိသော်လည်း တစ်ညအတွင်း ဆက်တိုက်အများအပြား ဖြစ်ပွားခြင်းမှာ ရှားပါးကြောင်း သိရသည်။
အရှေ့ပိုင်းတေရန်ပြည်နယ်အတွင်း မှတ်တမ်းတင်ခဲ့သည့် ယင်းတုန်ခါမှုများသည် အီရန်၏ အတက်ကြွဆုံး ငလျင်ဇုန်များထဲမှ တစ်ခုဖြစ်သော Mosha ပြတ်ရွေ့ကြောအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဖြစ်ပွားခဲ့သော ငလျင်များအနက် အင်အားအပြင်းဆုံးတစ်ခုမှာ ရစ်ခ်တာစကေး ၄ ဒသမ ၆ အဆင့်ရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြထားပြီး လက်ရှိအချိန်အထိ လူထိခိုက်ဒဏ်ရာရမှုနှင့် ပျက်စီးဆုံးရှုံးမှုများ မရှိကြောင်း သိရသည်။
ငလျင်ပညာရှင် မာဒီဇာရီက ယခုကဲ့သို့ ဆက်တိုက်လှုပ်ခတ်မှုများသည် စုပုံနေသော ငလျင်စွမ်းအင်များကို လျော့နည်းစေသည့် သဘောလား၊ သို့မဟုတ် တေရန်အနီး ပြတ်ရွေ့ကြောတလျှောက် ပိုမိုပြင်းထန်သော ငလျင်လှုပ်ရှားမှုအတွက် သတိပေးလက္ခဏာလားဆိုသည်ကို ယခုအချိန်ထိ တိတိကျကျ မသိရသေးကြောင်း ပြောကြားခဲ့သည်ဟု Mehr သတင်းဌာနက ဖော်ပြသည်။
လူဦးရေ ၁၄ သန်းကျော် နေထိုင်သည့် Tehran မြို့ပြဧရိယာသည် North Tehran ၊ Mosha နှင့် Rey ပြတ်ရွေ့စနစ်များအပါအဝင် အဓိကပြတ်ရွေ့ကြောများအနီးတွင် တည်ရှိနေပြီး မြို့တော်အနီး ငလျင်ကြီးတစ်ခု လှုပ်ခတ်လာပါက ဆိုးရွားသော ဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်ကြောင်း အီရန်ကျွမ်းကျင်သူများက အကြိမ်ကြိမ် သတိပေးထားသည်။
Iran သည် ကမ္ဘာပေါ်တွင် ငလျင်လှုပ်ခတ်မှု မကြာခဏ ဖြစ်ပွားသည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး ၂၀၀၃ ခုနှစ်က လူပေါင်း ၃၀,၀၀၀ ကျော် သေဆုံးခဲ့သော 2003 Bam earthquake ၏ အမှတ်တရမှာ ယနေ့တိုင် ထင်ရှားနေဆဲဖြစ်သည်။
Ref: Reuters
