အာဆီယံအသိုက်အဝန်းနှင့် ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ဆောင်ရွက်လျက်ရှိသကဲ့သို့ လွှတ်တော်ဘက်မှလည်း အပြည်ပြည်ဆိုင်ရာ လွှတ်တော်များသမဂ္ဂ (IPU) နှင့် ချိတ်ဆက်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားခဲ့သည်။
ဦးခင်ရီက မြန်မာနိုင်ငံအနေဖြင့် အာဆီယံအသိုက်အဝန်းတွင် ပါဝင်ရန် ကိုယ်တိုင်ရွေးချယ်ခဲ့သည့်အတွက် ယင်းအသိုက်အဝန်းနှင့် ပြန်လည်ပေါင်းစည်းနိုင်ရေးကို အလေးထားဆောင်ရွက်နေကြောင်း၊ အစိုးရပိုင်းက သံတမန်ရေးရာနည်းလမ်းများဖြင့် ဆောင်ရွက်နေသကဲ့သို့ လွှတ်တော်ပိုင်းမှလည်း IPU နှင့် ချိတ်ဆက်ကာ တတ်နိုင်သမျှ ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်အပေါ် လွှတ်တော်အတွင်း အဆိုတင်သွင်းဆွေးနွေးရာတွင် ထောက်ခံသူနှင့် ကန့်ကွက်သူများ ရှိခဲ့ကြောင်း၊ ယင်းသည် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းစီ၏ သဘောထားဖြစ်ကြောင်းလည်း ဆိုသည်။
လွှတ်တော်ကိုယ်စားလှယ်အများစုက အဆိုပါ အာဆီယံဘုံသဘောတူညီချက် (၅) ရပ်သည် နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက်စေသည်ဟု ယူဆသဖြင့် ကန့်ကွက်ခဲ့ကြကြောင်း ဦးခင်ရီက ပြောကြားခဲ့သည်။
အဆိုပါ အာဆီယံဘုံသဘောတူညီချက် (၅) ရပ်နှင့်ပတ်သက်သည့် အဆိုကို ဆက်လက်ဆောင်ရွက်ရန် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒသဘောထား ရယူရာတွင် လျှို့ဝှက်ဆန္ဒမဲစနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်းလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားခဲ့သည်။
