ယခုလအနှောင်းပိုင်းတွင် ကွာလာလမ်ပူရ်၌ ကျင်းပမည့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ရုရှားသမ္မတ ဗလာဒီမာပူတင် တက်ရောက်မည်မဟုတ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်က ဗုဒ္ဓဟူးနေ့တွင် အတည်ပြု ပြောကြားခဲ့သည်။
ပူတင်ကိုယ်စား ရုရှားဒုတိယဝန်ကြီးချုပ် အလက်ဇန်းဒါး နိုဗက်ခ်က အစည်းအဝေးကို တက်ရောက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အစည်းအဝေးမတက်ရောက်ဖြစ်ကြောင်းကို သမ္မတပူတင်က အတည်ပြုထားသည်ဟု ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် ပြည်တွင်းပြည်ပ အယ်ဒီတာများနှင့် သတင်းစာရှင်းလင်းပွဲတွင် အန်ဝါက ပြောကြားခဲ့သည်။
အစည်းအဝေးကို တက်ရောက်ရန် သူ အလေးအနက်ထားစဉ်းစားနေခဲ့သည်ဟု ယခင်က အန်ဝါကို ပူတင်က ပြောကြားခဲ့သဖြင့် သူ၏ ခရီးစဉ်ဖြစ်နိုင်ခြေအပေါ် ထင်ကြေးပေးမှုများသည် ယခုအတည်ပြုချက်ကြောင့် အဆုံးသတ်ခဲ့ပြီဖြစ်သည်။
အောက်တိုဘာလ ၂၆ ရက် နေ့မှ ၂၈ ရက် နေ့အထိ သုံးရက်ကြာကျင်းပမည့် ထိပ်သီးအစည်းအဝေးသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အပါအဝင် ကမ္ဘာ့အထင်ကရ ခေါင်းဆောင်များ၏ အကြီးမားဆုံး တွေ့ဆုံပွဲဖြစ်မည်ဟု မျှော်လင့်ရသည်။
ထို့အပြင် အစည်းအဝေးကို မြန်မာနိုင်ငံ၏ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း တက်ရောက်မည်မဟုတ်ကြောင်း အန်ဝါက အတည်ပြုပြောကြားခဲ့ပြီး အာဆီယံသည် မြန်မာ၏ နိုင်ငံရေးအကျပ်အတည်းနှင့်ပတ်သက်၍ သဘောတူညီချက်ငါးရပ်ကို ခိုင်မာစွာလိုက်နာကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
Ref: မလေးမေးလ်
