တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ မြို့တော် ကူမင်း မှ လာအိုနိုင်ငံ၏ မြို့တော် ဗီယန်ကျင်း အထိ ကီလိုမီတာ ၁,၀၀၀ ကျော် (၁,၀၃၅ ကီလိုမီတာ) ရှည်လျားသည့် နိုင်ငံဖြတ်ကျော် မီးရထားလမ်းမကြီး သည် ၅နှစ်ကျော်ကြာ တည်ဆောက်ခဲ့ပြီး ၂၀၂၁ ခုမှ စတင်ပြေးဆွဲနေရာ ၅ နှစ်ရှိလာပြီဖြစ်သည်။ ဤမဟာဗျူဟာမြောက် ရထားလမ်းကြီးသည် တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်း (Belt and Road Initiative – BRI) ၏ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ယခင်က ကုန်းပိတ်နိုင်ငံတစ်ခု ဖြစ်ခဲ့သည့် လာအိုနိုင်ငံကို ကုန်းတွင်းချင်း ချိတ်ဆက်မိသည့် အချက်အချာနိုင်ငံ (Land-linked Hub) တစ်ခုအဖြစ် လုံးဝအသွင်ပြောင်းလဲပေးခဲ့သည်။ ရထားအမျိုးအစားနှင့် ပြေးဆွဲမှု ကျည်ဆန်ရထားစတိုင် ဒီဇိုင်း ပုံတွင် မြင်တွေ့ရသည့်အနီ၊ အပြာ၊ အဖြူစပ် လာအိုအမျိုးသားအလံ အရောင်များ ခြယ်သထားသည့် ရထားကြီးမှာ လာအို-တရုတ် ဖက်စပ်ထုတ်လုပ်ထားသော “လန်ဆန်း” (Lane Xang) ဟု အမည်ရသည့် အမြန်နှုန်းမြင့် လျှပ်စစ်ရထား (EMU) ဖြစ်သည်။ ၎င်းသည် တစ်နာရီလျှင် ကီလိုမီတာ ၁၆၀ နှုန်းဖြင့် ခရီးသည်များကို ဘေးကင်းမြန်ဆန်စွာ သယ်ယူပို့ဆောင်ပေးလျက် ရှိသည်။ လူစီးရထား အမြန်တွင် တွဲဆိုင်းများမှာ ရိုးရိုး နှင့် အဆင့်မြင့်ရှိသည်။ ရထားပေါ် ဆေးလိပ်သောက်ခွင့်မရှိသဖြင့် ဘူတာ၌ ခနရပ်လျှင် ခရီးသည်များ ပလက်ဖောင်းပေါ်ပြေးဆင်းကာ ဆေးလိပ်ဆင်းသောက်ကြသည်။ ၁၀ နာရီခွဲဖြင့် နိုင်ငံဖြတ်ကျော်နိုင်ခြင်း ယခင်က ကူမင်းမှ ဗီယန်ကျင်းသို့ မော်တော်ကားလမ်းဖြင့် သွားလာပါက ရက်ပေါင်းများစွာ ကြာမြင့်ခဲ့သော်လည်း၊ ယခုအခါ ဤနိုင်ငံဖြတ်ကျော် အမြန်ရထားကြီးကြောင့် နယ်စပ်ဖြတ်ကျော် လူဝင်မှုကြီးကြပ်ရေး (Immigration) စစ်ဆေးသည့် အချိန်အပါအဝင် စုစုပေါင်း ၁၀ နာရီခွဲခန့် သာ ကြာမြင့်တော့သည်။ လွန်ပရာဘန် ဖက်ရောက်ခါနီးလာလျှင်တောင်များ ထူထပ်လှသဖြင့် ဥမင်များထဲက ဖြတ်ရသည်။ မိုးကြီးလျှင် ဥမင်ဂူထဲ ရေဖြတ်သဖြင့် ရထားများ နာရီပိုင်းခန့်စောင့်ရတတ်သည်။ ကုန်ရထားပြေးဆွဲမှုအခြေအနေ ကုန်တွဲများလည်း ဤရထားလမ်းကိုအသုံးပြုဆွဲနေသည်။ ၂၀၂၆ ခုနှစ်အတွင်း ဇွန်လအထိ တရုတ်-လာအို ရထားလမ်း၏ စုစုပေါင်း ကုန်စည်သယ်ယူပို့ဆောင်မှု ပမာဏသည် တန်ချိန် ၁၀ သန်းကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းအနက် နိုင်ငံဖြတ်ကျော် ကုန်စည်သယ်ယူပို့ဆောင်မှု ပမာဏသည် တန်ချိန် ၂ ဒသမ ၅ သန်းကျော် ရှိခဲ့ပြီး၊ တစ်ရက်လျှင် ပျမ်းမျှကုန်စည်သယ်ယူပို့ဆောင်မှု ပမာဏမှာ တန်ချိန် ၆၇,၀၀၀ ရှိခဲ့ကြောင်း သိရသည်။တရုတ် ကုန်များသည် လာအိုနိုင်ငံတွင်းသို့ ၂၆ နာရီအတွင်းရောက်ရှိသည့် အနေအထားဖြစ်သည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၏ တံခါးဖွင့်ဝါဒ အခင်းအကျင်းကို ပိုမိုမြင်လာရပြီး နိုင်ငံဖြတ်ကျော် ရထားလမ်းစင်္ကြံ၏ ဘက်စုံတန်ဖိုးများကိုလည်း တွေ့ရသည်။ စီးပွားရေးနှင့် ခရီးသွားကဏ္ဍ အလှည့်အပြောင်း ဤရထားလမ်းကြီးသည် တရုတ်နိုင်ငံတောင်ပိုင်းမှတစ်ဆင့် လာအို၊ ထိုမှတစ်ဆင့် ထိုင်းနိုင်ငံနှင့် အာဆီယံဒေသတစ်ခုလုံးသို့ ကုန်းလမ်းဖြင့် ကုန်စည်စီးဆင်းမှုကို အဆမတန် မြန်ဆန်သွားစေခဲ့သည်။ လာအိုနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး ထွက်ကုန်များနှင့် ပိုးထည်ကဲ့သို့သော လက်မှုအနုပညာပစ္စည်းများကို တရုတ်ဈေးကွက်ကြီးဆီသို့ တိုက်ရိုက်တင်ပို့နိုင်သလို၊ တရုတ်နိုင်ငံဘက်မှလည်း ခေတ်မီစက်မှုကုန်ကြမ်းများနှင့် နည်းပညာပစ္စည်းများကို အပြန်အလှန် လွယ်ကူစွာ တင်သွင်းနိုင်ခဲ့သည်။ ထို့ပြင် တရုတ်ခရီးသွား ဧည့်သည်အမြောက်အမြားကို လာအိုနိုင်ငံ၏ ရှေးဟောင်းအမွေအနှစ်မြို့တော် လွန်ပရာဘန်နှင့် ဗီယန်ကျင်းမြို့များဆီသို့ အလုံးအရင်း ဝင်ရောက်လာစေသဖြင့် ဒေသခံတို့၏ လူမှုစီးပွားဘဝနှင့် ဟိုတယ်၊ စားသောက်ကုန်လုပ်ငန်းများကို မြှင့်တင်ပေးနိုင်ခဲ့သည့် ရထားလမ်းကြီး ဖြစ်သည်.
