Home News Local News အသင်း (၁၀) သင်း ပါဝင်ယှဉ်ပြိုင်မည့် ၂၀၂၆-၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ် ဇွန်လ ၁၅ ရက်တွင် စတင်မည်

အသင်း (၁၀) သင်း ပါဝင်ယှဉ်ပြိုင်မည့် ၂၀၂၆-၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ် ဇွန်လ ၁၅ ရက်တွင် စတင်မည်

0
120

​မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီတို့ ပူးပေါင်းကြီးမှူးကျင်းပသည့် ၂၀၂၆-၂၇ ဘောလုံးရာသီ မြန်မာအမျိုးသမီးလိဂ် (MWL) ပြိုင်ပွဲကြီးကို လာမည့် ဇွန်လ (၁၅) ရက်နေ့တွင် စတင်ကျင်းပတော့မည်ဖြစ်ကြောင်း နေရှင်နယ်လိဂ် ကော်မတီထံက သိရသည်။

ယခုနှစ်တွင် ထူးခြားချက်အနေဖြင့် ရတနာပုံအက်ဖ်စီနှင့် ဇွဲကပင်ယူနိုက်တက်အက်ဖ်စီအသင်းသစ် (၂) သင်း ထပ်မံတိုးချဲ့ပါဝင်လာကာ စုစုပေါင်း ကလပ်အသင်း (၁၀) သင်း အထိ အင်အားတောင့်တင်းစွာ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ပြိုင်ပွဲဝင်အသင်းများအဖြစ် လက်ရှိချန်ပီယံ ဧရာဝတီအက်ဖ်စီ၊ အအောင်မြင်ဆုံးအသင်းများဖြစ်သည့် I.S.P.E အက်ဖ်စီနှင့် မြဝတီအက်ဖ်စီတို့အပြင် သစ္စာအားမာန်၊ ရန်ကုန်ယူနိုက်တက်၊ ရှမ်းယူနိုက်တက်၊ Young Lionesses၊ ရန်ကုန်စီးတီးနှင့် အသင်းသစ်နှစ်သင်းတို့ ပါဝင်ကြမည် ဖြစ်သည်။

ပွဲစဉ်များကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၊ ပဒုမ္မာကွင်း၊ သုဝဏ္ဏလေ့ကျင့်ရေးကွင်း (၁) ၊ ရန်ကုန်ယူနိုက်တက်ကွင်း (Y.U.S.C) နှင့် ပုသိမ်မြို့ရှိ ကိုးသိန်းအားကစားကွင်းတို့တွင် ခွဲဝေကျင်းပသွားမည်ဖြစ်သည်။

ယခုရာသီတွင် ရန်ကုန်ယူနိုက်တက်အသင်းက Y.U.S.C ကွင်း၌ အိမ်ကွင်းပွဲစဉ်အားလုံး လက်ခံကျင်းပမည်ဖြစ်သလို၊ ဧရာဝတီအက်ဖ်စီကလည်း ပုသိမ်မြို့ ကိုးသိန်းကွင်း၌ အိမ်ကွင်းပွဲစဉ် (၄) ပွဲ လက်ခံကျင်းပသွားမည်ဖြစ်ပြီး အခြားကလပ်အသင်းအချို့ကလည်း သက်ဆိုင်ရာဒေသများတွင် အိမ်ကွင်းပွဲစဉ်များ လက်ခံကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေကြကြောင်း သိရသည်။

ယခုနှစ် အမျိုးသမီးလိဂ်ပြိုင်ပွဲကြီးကို ၂၀၂၆ ခုနှစ် ဇွန်လ (၁၅) ရက်နေ့မှ ၂၀၂၇ ခုနှစ် ဇန်နဝါရီလ (၃၀) ရက်နေ့အထိ (၈) လကြာ ကျင်းပသွားမည်ဖြစ်ပြီး စုစု ပေါင်း လိဂ်ပွဲစဉ် (၉၀) အထိ ပါဝင်မည်ဖြစ်သည်။

အဆိုပါ ပွဲစဉ်များအားလုံးကို ဘောလုံးဝါသနာရှင်များ အလွယ်တကူ ကြည့်ရှုနိုင်စေရန် Forever Group နှင့် ပူးပေါင်းကာ MRTV-4၊ Channel 7၊ Readers Channel တို့အပြင် အွန်လိုင်းမှ Pyone Play Sports YouTube ချန်နယ်တို့မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

အမျိုးသမီးဘောလုံးအဆင့်အတန်း မြင့်မားလာစေရန် ၂၀၁၆ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့သည့် မြန်မာအမျိုးသမီးလိဂ်တွင် I.S.P.E နှင့် မြဝတီအက်ဖ်စီတို့က ချန်ပီယံဆု (၃) ကြိမ်စီဖြင့် သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး ရပ်တည်နေပြီး၊ ယခုနှစ်တွင်မူ အသင်းသစ်များ၏ စိန်ခေါ်မှုနှင့်အတူ လက်ရှိချန်ပီယံ ဧရာဝတီအက်ဖ်စီက ဆုဖလားကို ဆက်လက်ထိန်းသိမ်းနိုင်မလားဆိုသည်မှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရတော့မည် ဖြစ်သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here