ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအား အသုံးပြုသွား လာလျက်ရှိသည့် ယာဥ်များလိုက်နာရမည့်အချက်များကို အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က ဇွန် ၆ ရက်ညပိုင်းကဖြစ်ပွားခဲ့သော ယာဥ်(၆)စီးဆင့်တိုက်မှုအပြီး၌ ထပ်မံသတိပေးခဲ့သည်။
အမြန်လမ်းအသုံးပြုသည့် အဝေးပြေးခရီးသည်တင်ယာဥ်များအားလုံးအနေဖြင့် သတ်မှတ်အမြန်နှုန်းအောက်သာမောင်းနှင်ရန်၊ တစ်စီးနှင့်တစ်စီး ကပ်မလိုက်ရန်၊ ယာဥ်အားလုံးအနည်းဆုံး ပေ(၃၀၀)အကွာထား၍မောင်းနှင်ရန် သတိပေးခဲ့သည်။
ယာဉ်မောင်းများအနေဖြင့် မည်သည့်အကြောင်းဖြင့်ရပ်ရပ် မြေသားလမ်းတာပေါင်အတွင်းသို့ အပြည့်အဝရောက်ရှိရပ်တန့်ရန်၊ ညအခါ လမ်းဘေးမြေသားပေါ်ရပ်နားစဥ် Parking Light ရပ်နားမီး၊ လမ်းမပေါ်/ယာဥ်ကြောပေါ် အရေးပေါ်ရပ်တန့်စဥ် Hazard Light အဝါရောင်စုံမှိတ်တုပ်အချက်ပြမီး၊ ကုန်တင်ယာဥ်များ Side Lamp ဆိုင်းလင့်ကားဘေးမီးဖွင့်ထားရန်လည်း သတိ ပေးခဲ့သည်။
ပုံမှန်မောင်းနှင်ပါက လက်ညာဘက်ကပ်မောင်းရန်၊ ဘယ်ဖက်ယာဥ်ကြောကို ကျော်တက်ရန်အတွက်သာ အသုံးပြုရန်၊ မိုးရွာ/လမ်းရေစိုနေစဥ်အထူးသတိထား၍ မောင်းနှင်ရန် ၊ယာဉ်အမျိုးအစားအလိုက် သတ်မှတ် ထားအရှိန်နှုန်းအောက်သာမောင်းနှင်ရန်နှင့် အိပ်မငိုက်စေရန်တို့ကိုလည်း သတိပေးခဲ့သည်။
ပုံစာ- ဇွန် ၆ ရက်ညပိုင်းက ရန်ကုန်-မ န္တလေးအမြန်လမ်းတွင်ဖြစ်ပွားခဲ့သည့် ယာဥ်(၆)စီးဆင့်တိုက်မှုဖြစ်စဥ်မှယာဥ်များ။