ပြည်ပသို့ ထွက်ခွာရန်ရှိပါက PS အမျိုးအစားမှ PV သို့ ပြောင်းလဲကိုင်ဆောင်၍ ထွက်ခွာနိုင်ကြောင်း အသိပေး
ပြည်ပသို့ သင်္ဘောသားများ တရားမဝင်စေလွှတ်မှုများကြောင့် ပြဿနာများ ဖြစ်ပေါ်နေသည့်အတွက် အမျိုးသားလူသစ်သင်္ဘောသားများနှင့် အမျိုးသမီးသင်္ဘောသားများအနေဖြင့် သင်္ဘောသားမြန်မာနိုင်ငံကူးလက်မှတ် (PS) ဖြင့် ပြည်ပနိုင်ငံများသို့ အလည်အပတ်ထွက်ခွာခွင့်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှစတင်၍ ခွင့်ပြုမည်မဟုတ်ကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသားဌာနခွဲက အသိပေးထားသည်။
ပြည်ပကုမ္ပဏီများနှင့် တိုက်ရိုက်စာချုပ်ချုပ်ဆိုထားခြင်းမရှိဘဲ ဌာနတွင် တရားဝင် SRPS လိုင်စင် မရှိသည့် ကုမ္ပဏီများ၊ ကြားခံပုဂ္ဂိုလ်များနှင့် ပွဲစားများက သင်္ဘောသားများကို တရားမဝင်စေလွှတ်မှုများ ရှိနေခြင်းကြောင့် အဆိုပါကန့်သတ်ချက်ကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တရားမဝင်စေလွှတ်မှုများကြောင့် သင်္ဘောသားအချို့မှာ သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်ရခြင်းမရှိဘဲ ပင်လယ်ကွေ့နိုင်ငံအချို့ရှိ လုပ်ငန်းခွင်များသို့ ရောက်ရှိသွားခြင်း၊ ဌာနက ခွင့်ပြုထားခြင်းမရှိသည့် ငါးဖမ်းသင်္ဘောများပေါ်သို့ စုဆောင်းခေါ်ယူစေလွှတ်ခံရခြင်းများ ဖြစ်ပေါ်နေကြောင်း ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ပြည်ပကုမ္ပဏီများနှင့် ခိုင်မာသည့် စာချုပ်စာတမ်းများ ချုပ်ဆိုထားခြင်းမရှိဘဲ ကြားခံကုမ္ပဏီများ၊ ပွဲစားများမှတစ်ဆင့် စေလွှတ်ခံရသည့်အတွက် သတ်မှတ်လစာနှုန်းထားများ မရရှိခြင်း၊ လစာဆုံးရှုံးခြင်းများအပြင် တရားမဝင်မှောင်ခိုပစ္စည်းများ တင်ဆောင်သည့် သင်္ဘောများပေါ်သို့ ရောက်ရှိတာဝန်ထမ်းဆောင်ရပြီး ပြည်ပနိုင်ငံများတွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် ဖြစ်စဉ်များလည်း ရှိနေကြောင်း သိရသည်။
အာမခံမရှိသည့် သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်ရခြင်းကြောင့် ထိခိုက်မှုနှင့် အသက်အာမခံလျော်ကြေးများ မရရှိခြင်း၊ Minimum Terms and Conditions ပါ သတ်မှတ်ချက်များနှင့် မကိုက်ညီခြင်းတို့အပြင် တရားဝင်စာချုပ်စာတမ်းများ ခိုင်မာမှုမရှိခြင်းကြောင့် သင်္ဘောသားများ၏ အကျိုးခံစားခွင့်များကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည့် ပြဿနာများလည်း ဖြစ်ပေါ်နေသည်။
တစ်ဖက်တွင်လည်း ထွက်ခွာခဲ့သည့် သင်္ဘောနှင့် အမှန်တကယ် တာဝန်ထမ်းဆောင်ခဲ့သည့် သင်္ဘော မတူညီခြင်းများကြောင့် သင်္ဘောသားများ၏ ပင်လယ်ပြင်လုပ်သက် မရရှိခြင်းနှင့် သက်ဆိုင်ရာသင်တန်းများ တက်ရောက်ခွင့် မရရှိခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ထို့အပြင် ဌာန၏ တရားဝင် SRPS လိုင်စင် လျှောက်ထားရယူထားခြင်းမရှိဘဲ ရုံးခန်းများ ဖွင့်လှစ်ကာ Social Media များမှတစ်ဆင့် လူသစ်သင်္ဘောသားများကို စုဆောင်းခေါ်ယူ၍ စေလွှတ်နေသူများအတွက် တရားမဝင်ထွက်ခွာခွင့်များ ရရှိနေခြင်း၊ SIRB (CDC) တွင် ရာထူးအဆင့်များ လိမ်လည်ဖြည့်စွက်ခြင်း၊ ပင်လယ်ပြင်လုပ်သက် လိမ်လည်ရယူခြင်းနှင့် သက်ဆိုင်ရာရာထူးအဆင့်အလိုက် သတ်မှတ်ထားသည့် သင်တန်းများ ပြီးစီးခြင်းမရှိဘဲ သင်္ဘောပေါ်သို့ စေလွှတ်ခြင်းများလည်း ဖြစ်ပေါ်နေကြောင်း ဌာနက ထုတ်ပြန်ထားသည်။
ထို့ကြောင့် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှစတင်၍ အမျိုးသားလူသစ်သင်္ဘောသားများနှင့် အမျိုးသမီးသင်္ဘောသားများအနေဖြင့် သင်္ဘောသားမြန်မာနိုင်ငံကူးလက်မှတ် (PS) ဖြင့် ပြည်ပနိုင်ငံများသို့ အလည်အပတ်ထွက်ခွာခွင့် မပြုတော့ဘဲ ပြည်ပသို့ ထွက်ခွာလိုပါက ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့တွင် PS အမျိုးအစားမှ PV အမျိုးအစားသို့ ပြောင်းလဲကိုင်ဆောင်ပြီး ထွက်ခွာနိုင်ကြောင်း သင်္ဘောသားဌာနခွဲက အသိပေးထားသည်။
အဆိုပါစည်းမျဉ်းသည် တရားမဝင် သင်္ဘောသားစုဆောင်းစေလွှတ်မှုများနှင့် လိမ်လည်မှုများကြောင့် သင်္ဘောသားများ ထိခိုက်နစ်နာမှု မဖြစ်ပေါ်စေရေးအတွက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
