ဟနွိုင်း၊ စက်တင်ဘာ ၄
ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၄ ရက်တွင် ဗီယက်နမ်နိုင်ငံ၏ ခေတ်မီလျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် VinFast ၏ မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်၍ ထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့် ခေတ်မီနည်းပညာအသုံးပြုထားမှုတို့ကို လေ့လာကြည့်ရှုခဲ့သည်။
နိုင်ငံတော်သမ္မတနှင့်အဖွဲ့ စက်ရုံသို့ ရောက်ရှိချိန်တွင် VinFast မှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး VinFast စတင်တည်ထောင်ခဲ့သည့် နောက်ခံသမိုင်းကြောင်း၊ လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမှု၊ ထုတ်လုပ်နိုင်စွမ်းနှင့် စက်ရုံအတွင်း ခေတ်မီနည်းပညာများ၊ အလိုအလျောက်ထုတ်လုပ်ရေးစနစ်များ အသုံးပြုဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍ ကားကိုယ်ထည်ဖိပုံသွင်းခြင်းမှစ၍ ကိုယ်ထည်တည်ဆောက်ခြင်း၊ ဆေးမှုတ်ခြင်း၊ မော်တော်ယာဉ်အစိတ်အပိုင်းများ တပ်ဆင်ခြင်းနှင့် အပြီးသတ်မော်တော်ယာဉ်များ ထုတ်လုပ်သည့်အဆင့်အထိ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ကြည့်ရှုလေ့လာခဲ့သည်။
ထို့ပြင် လျှပ်စစ်မော်တော်ယာဉ်များအတွက် အရေးပါသည့် ဘက်ထရီ Pack ထုတ်လုပ်မှု၊ ခေတ်မီစက်ကိရိယာများနှင့် အလိုအလျောက်စနစ်များ အသုံးပြု၍ ထုတ်လုပ်နေမှုများကိုလည်း လေ့လာခဲ့ပြီး စိတ်ဝင်စားသည့်အချက်များကို တာဝန်ရှိသူများအား မေးမြန်းဆွေးနွေးခဲ့သည်။
VinFast သည် ဗီယက်နမ်နိုင်ငံ၏ Vingroup က ၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည်။ အဓိကမော်တော်ယာဉ်ထုတ်လုပ်ရေးအခြေစိုက်စခန်းကို ဟိုင်ဖုန်းမြို့၊ ကတ်ဟိုင်ဒေသ၌ တည်ဆောက်ထားပြီး စတင်တည်ဆောက်ချိန်မှ ၂၁ လအတွင်း စက်ရုံတည်ဆောက်တပ်ဆင်မှုများ ပြီးစီးခဲ့ကာ ၂၀၁၉ ခုနှစ် ဇွန် ၁၄ ရက်တွင် မော်တော်ယာဉ်များ အမြောက်အမြားထုတ်လုပ်သည့်အဆင့်သို့ စတင်ဝင်ရောက်ခဲ့သည်။
အဆိုပါ စက်ရုံတွင် မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းစဉ်များ၌ ခေတ်မီအလိုအလျောက်စနစ်နှင့် နည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုထားပြီး လျှပ်စစ်မော်တော်ယာဉ်နှင့် ဆက်စပ်ထုတ်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
