ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာ၊ ဒေဝဒဟသဗ္ဗသိဒ္ဓိ နတ်စင်တရာကျောင်းတိုက်၏ ပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာတေဇသည် အစာအိမ်သွေးကြောပေါက်၍ ယနေ့ စက်တင်ဘာ ၁၃ ရက်နံနက် ၁ နာရီ ၅၆ မိနစ်က ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။
နတ်စင်တရာဆရာတော်ကြီးသည် လှိုင်မြို့နယ်ရှိ ဆေး ရုံတစ်ရုံ၌ အစာအိမ်သွေးကြောပေါက်ဝေဒနာခံစားရသဖြင့် ဆေးကုသမှုခံယူနေစဥ် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကာ ပျံလွန်တော်မူချိန်၌ ဆရာတော်ကြီးသည် သက်တော်(၇၆) နှစ်၊ ဝါတော်(၅၆)ဝါ ရှိပြီဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ကျောင်းတိုက်သို့ပြန်လည်ပင့်ဆောင်ထားပြီး အန္တိမစျာပနအခမ်းအနားကျင်းပနိုင်ရန် ဆရာတော်ကြီးများ၏ သြဝါဒခံယူ၍ စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
