နိုင်ငံခြားသင်္ဘောတစ်စင်းဆီကနေ ဒေါ်လာသန်းရာချီတန်တဲ့ ကက်တမင်း(Ketamine) မူးယစ်ဆေး ၁.၃ တန်ကို အင်ဒိုနီးရှား အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြီးအကဲက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ဒါဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးမားဆုံး မူးယစ်ဆေးဖမ်းဆီးရမိမှုတွေထဲက တစ်ခုပါပဲ။
သင်္ဘောပေါ်က အမှုထမ်း ၈ ဦးကို ထိန်းသိမ်းထားရာမှာ မြန်မာနိုင်ငံသား ၇ ဦးနဲ့ ထိုင်ဝမ်သား ၁ ဦး ပါဝင်တယ်လို့ မူးယစ်ဆေးဝါးနှိမ်နင်းရေးအေဂျင်စီက ဆိုပါတယ်။
ဖေဖော်ဝါရီလတုန်းက ထိုင်းနိုင်ငံကနေ အရှေ့ဘက်ကို ဦးတည်ထွက်ခွာလာတဲ့ MV King Sun သင်္ဘောပေါ်မှာ “မသင်္ကာစရာ” ပစ္စည်းတွေ ပါလာတယ်ဆိုတဲ့ သတင်းရခဲ့တဲ့အတွက် လနဲ့ချီပြီး စောင့်ကြည့်နေခဲ့ရတာလို့ အမျိုးသား မူးယစ်ဆေးဝါးနှိမ်နင်းရေးအေဂျင်စီ အကြီးအကဲ Suyudi Ario Seto က ပြောပါတယ်။
အဲဒီသင်္ဘော အင်ဒိုနီးရှားရေပိုင်နက်ထဲ ဝင်လာတဲ့ ကြာသပတေးနေ့မှာပဲ ရေတပ်စစ်သင်္ဘောက တားဆီးစစ်ဆေးခဲ့တာပါ။
”သြဂုတ်လ ၇ ရက်နေ့မှာ ပူးပေါင်းအဖွဲ့က သင်္ဘောပေါ်မှာ ဝှက်ထားတဲ့ ဆာလာအိတ် ၆၅ အိတ်ကို ရှာတွေ့ခဲ့ပါတယ်။ စမ်းသပ်စစ်ဆေးကြည့်တော့မှ ကက်တမင်းတွေမှန်း သိလိုက်ရတာပါ” လို့ ဘာတမ်ကျွန်းမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Suyudi က ရှင်းပြပါတယ်။
ဖမ်းဆီးရမိတဲ့ ခန့်မှန်းခြေ ၁.၃ တန်လောက်ရှိတဲ့ မူးယစ်ဆေးတွေဟာ တန်ဖိုးအားဖြင့် ရူပီယာ ၂.၀၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၁၆.၂ သန်း) လောက် တန်ကြေးရှိပါတယ်။ အခုချိန်မှာတော့ အခြားပစ္စည်းတွေ ကျန်သေးလားဆိုတာ သိရဖို့ သင်္ဘောကို ဆက်ရှာဖွေနေတုန်းပါပဲတဲ့။
ကက်တမင်းဆိုတာက အဓိကအားဖြင့် အမြန်အစွမ်းပြတဲ့ မေ့ဆေးအဖြစ် သုံးကြပေမယ့် ပါတီတွေမှာ တရားမဝင် မူးယစ်ဆေးအဖြစ်လည်း အလွဲသုံးလေ့ရှိကြပါတယ်။ အင်ဒိုနီးရှားမှာတော့ တင်းတင်းကျပ်ကျပ် ထိန်းချုပ်စောင့်ကြည့်ထားတာပါ။
နိုင်ငံပိုင် Antara သတင်းအေဂျင်စီရဲ့ ဖော်ပြချက်အရ ဒီသင်္ဘောဟာ တန်ဇန်းနီးယား (Tanzania) နိုင်ငံအလံကို လွှင့်ထူထားတာဖြစ်ပြီး စင်ကာပူအနီးက ရီအော (Riau) ကျွန်းစု ရေပြင်မှာ အဖမ်းခံခဲ့ရတာပါ။
”ဒီမူးယစ်ဆေးတွေ ဘယ်ကလာတာလဲ၊ ဘယ်ဆိပ်ကမ်းကို သွားမှာလဲ၊ ဘယ်သူကပို့ပြီး ဘယ်သူက လက်ခံမှာလဲ ဆိုတာတွေကို ကျွန်တော်တို့ ဆက်လက်စုံစမ်းစစ်ဆေးနေဆဲပါ” လို့ Suyudi က ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့လကလည်း ထိုင်းနိုင်ငံကနေ မှောင်ခိုသွင်းဖို့ကြိုးစားတဲ့ ဆေးခြောက်ဖူး ၃.၃၇ တန်ကို အင်ဒိုနီးရှား အာဏာပိုင်တွေက ဖမ်းဆီးနိုင်ခဲ့ပြီး သံသယရှိသူ ၁၂ ဦးကို ဖမ်းဆီးခဲ့ပါသေးတယ်။
၂၀၂၁ တုန်းကဆိုရင်လည်း အာဖဂန်နစ္စတန်ကနေ မက်သာဖက်တမင်း(Ice) ၂.၅ တန် သွင်းလာတဲ့ မှောင်ခိုဂိုဏ်းကို နှိမ်နင်းနိုင်ခဲ့ပြီး လူ ၁၇ ဦးကို ဖမ်းဆီးအရေးယူခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်ရင် အပြင်းထန်ဆုံး ဥပဒေတွေရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး မှောင်ခိုကူးသူတွေကို သေဒဏ်အထိ ပြစ်ဒဏ်ပေးလေ့ရှိပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေကစလို့ သေဒဏ်စီရင်တာကိုတော့ ခေတ္တရပ်ဆိုင်းထားခဲ့ပါတယ်။
