ဟော်မုဇ်ရေလက်ကြားပြဿနာတွေကြောင့် ဥရောပသမဂ္ဂ (EU)ဟာ ယူရိုငွေ ဘီလီယံ ၉၀ လောက် ဆုံးရှုံးခဲ့ရတယ်လို့ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါ လေယန် (Ursula von der Leyen) က ပြောကြားလိုက်ပါတယ်။
အီရန်ပတ်ဝန်းကျင်က ပဋိပက္ခတွေနဲ့ ဟော်မုဇ်ရေလက်ကြားက အခြေအနေတွေကြောင့် အခုလို ယူရိုငွေ ဘီလီယံ ၉၀ အထိ ဆုံးရှုံးခဲ့ရတာလို့ သူမက ဆိုပါတယ်။
“ဟော်မုဇ်ရေလက်ကြား ပဋိပက္ခတွေ စတင်ကတည်းကဆိုရင် ပြည်ပကနေ တင်သွင်းရတဲ့ ရုပ်ကြွင်းလောင်စာတွေအတွက် ကျွန်မတို့အနေနဲ့ ယူရို ဘီလီယံ ၉၀ လောက် ပိုပြီး ကုန်ကျခဲ့ပါတယ်။ ဒါပေမဲ့ စွမ်းအင်ကတော့ တစ်စက်လေးမှတောင် ပိုမရခဲ့ပါဘူး” လို့ ဥရောပပါလီမန်မှာ သူမက ပြောတာပါ။
ဒါကြောင့်လည်း EU အနေနဲ့ ဈေးနှုန်းသင့်တင့်ပြီး ပြည်တွင်းမှာတင် ကိုယ်တိုင်ထုတ်လုပ်နိုင်တဲ့ သန့်စင်တဲ့စွမ်းအင်တွေဖြစ်တဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ပဲဖြစ်ဖြစ်၊ နျူကလီးယားပဲဖြစ်ဖြစ်၊ ဇီဝမီသိန်းလိုမျိုး တခြားစွမ်းအင်တွေပဲဖြစ်ဖြစ် ဖွံ့ဖြိုးလာအောင် နှစ်ဆတိုးပြီး ကြိုးပမ်းဖို့လိုတယ်လို့ သူမက ထပ်လောင်းပြောာကြားပါတယ်။
”ဒီလို ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ဖို့အတွက်ဆိုရင် ဥရောပတစ်ခွင် လျှပ်စစ်ကဏ္ဍ ပိုမိုလွှမ်းခြုံလာဖို့ လိုပါတယ်။ ကျွန်မတို့ရဲ့ ရည်မှန်းချက်က ၂၀၄၀ ပြည့်နှစ်အရောက်မှာ လျှပ်စစ်စွမ်းအင် အချိုးအစားကို နှစ်ဆတိုးဖို့ပါ။ ဒါကိုသာ လုပ်နိုင်မယ်ဆိုရင် ဥရောပအနေနဲ့ ပြည်ပကနေ ရုပ်ကြွင်းလောင်စာ တင်သွင်းနေရတဲ့စရိတ်ကို တစ်နှစ်ကို ယူရို ဘီလီယံ ၂၆၀ အထိ လျှော့ချနိုင်မှာ ဖြစ်ပါတယ်” လို့ သူမက အလေးအနက် ပြောကြားသွားပါတယ်။
