မနီလာ၊ စက်တင်ဘာ ၅
ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ၊ သမ္မတကတော်နှင့် လွှတ်တော်ဥက္ကဋ္ဌဟောင်းတို့ကို ခြိမ်းခြောက်ခဲ့သည်ဆိုသည့် ရာဇဝတ်မှုဆိုင်ရာ စွဲချက်များဖြင့် ဒုတိယသမ္မတ ဆာရာဒူတာတေးကို ဖမ်းဆီးရန် ဖိလစ်ပိုင်တရားရုံးတစ်ရုံးက စက်တင်ဘာ ၄ ရက်တွင် ဖမ်းဝရမ်းထုတ်ခဲ့သည်။
ပြင်းထန်သော ခြိမ်းခြောက်မှုများနှင့်ပတ်သက်သည့် အမှုများအတွက် ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်ပြီး အမှုတစ်မှုလျှင် အာမခံကြေး ပီဆို ၁၂၀,၀၀၀ (စင်ကာပူဒေါ်လာ ၂,၄၀၀ ခန့်) သတ်မှတ်ထားကြောင်း တရားရုံးအမိန့်တွင် ဖော်ပြထားသည်။
ဒူတာတေးအနေဖြင့် ဥပဒေကို ရှောင်လွှဲရန် ရည်ရွယ်ချက်မရှိဘဲ ဥပဒေအရ ရရှိနိုင်သည့် ကုစားခွင့်အားလုံးကို ဆက်လက်အသုံးပြုသွားမည်ဖြစ်ကြောင်း ၎င်း၏ရှေ့နေက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
အဆိုပါအမှုသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း ဒူတာတေး ပြောကြားခဲ့သည့် မှတ်ချက်များနှင့် ဆက်စပ်နေသည်။ ဒူတာတေးက ၎င်းအနေဖြင့် လုပ်ကြံသတ်ဖြတ်သူတစ်ဦးနှင့် စကားပြောခဲ့ပြီး မိမိသတ်ဖြတ်ခံရပါက သမ္မတ မားကို့စ်၊ ၎င်း၏ဇနီးနှင့် ထိုစဉ်က အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် သမ္မတ၏ ဝမ်းကွဲညီကို သတ်ဖြတ်ရန် ညွှန်ကြားထားကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ သို့သော် ယင်းပြောကြားချက်မှာ ခြိမ်းခြောက်မှုတစ်ရပ်မဟုတ်ကြောင်း ဒူတာတေးက ငြင်းဆိုထားသည်။
ဒူတာတေးသည် သီးခြားစွပ်စွဲပြစ်တင်မှုဆိုင်ရာ အမှုကိုလည်း ရင်ဆိုင်နေရပြီး အထက်လွှတ်တော်တွင် စွပ်စွဲပြစ်တင်ရေးတရားရုံးအဖြစ် စစ်ဆေးရန်ရှိသည်။ ယင်းအမှုတွင် ပြစ်ဒဏ်ချမှတ်ခံရပါက ဒုတိယသမ္မတရာထူးမှ ဖယ်ရှားခံရနိုင်သည့်အပြင် ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးနိုင်သည်။
ထို့ပြင် ဒူတာတေးသည် ဒုတိယသမ္မတနှင့် ပညာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် အစိုးရရန်ပုံငွေများ အလွဲသုံးစားပြုခဲ့သည်ဆိုသည့် စွပ်စွဲချက်များနှင့်လည်း ရင်ဆိုင်နေရပြီး ၎င်းကမူ မည်သည့်အမှားအယွင်းမျှ ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။
Ref: The Straits Times
