မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြာပန်းကျေးရွာရှိ သထုံသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ပြန်လည်လည်ပတ်နိုင်ရေးအတွက် ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စက်ရုံကို လာမည့် ဩဂုတ်လအတွင်း ပြန်လည်လည်ပတ်နိုင်ရန် ရည်မှန်းဆောင်ရွက်နေပြီး အပြည့်အဝ လည်ပတ်နိုင်ပါက လျှပ်စစ်ဓာတ်အား (၁၁၈.၉) မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
သထုံသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွင် ရေနွေးငွေ့တာဘိုင် (Steam Turbine) တစ်လုံးနှင့် ဂတ်စ်တာဘိုင် (Gas Turbine) နှစ်လုံး တပ်ဆင်ထားပြီး ရေနွေးငွေ့တာဘိုင်ကို ပြုပြင်ထိန်းသိမ်းမှုများ ပြီးစီးထားကြောင်း သိရသည်။
လက်ရှိတွင် စက်ရုံပြန်လည်လည်ပတ်နိုင်ရေးအတွက် ဂတ်စ်တာဘိုင်တစ်လုံးကို တရုတ်နိုင်ငံ၌ ပြင်ဆင်နေပြီး ယင်းပြုပြင်မှုလုပ်ငန်းများကို ဩဂုတ်လအတွင်း အပြီးသတ်နိုင်မည်ဟု သိရသည်။
ထို့ပြင် ကျန်ရှိသည့် ဂတ်စ်တာဘိုင်တစ်လုံးကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး ယခုနှစ် ဒီဇင်ဘာလအတွင်း စက်ရုံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်း ထုတ်လုပ်ရရှိသည့် လျှပ်စစ်ဓာတ်အားများကို မဟာဓာတ်အားလိုင်းသို့ ပို့လွှတ်ပြီးနောက် ပြည်နယ်အတွက် သတ်မှတ်ခွဲတမ်းအတိုင်း ပြန်လည်ခွဲဝေဖြန့်ဖြူးပေးလျက်ရှိကြောင်းလည်း သိရသည်။
