မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုအချို့ဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦးများအားပြန်လည်ပြင်ဆင်နေမှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၅ ရက်မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိခိုက်ပျက်စီးခဲ့သည့်နေရာများဖြစ်သည့် အမှတ်(၁)ဂိတ်အဝင်ကြိုးတံတားနှင့် မုခ်ဦး၊ ပြည်ထောင်စုလွှတ်တော်အဆောက်အဦ၊ ပြည်သူ့လွှတ်တော်အဆောက်အဦ၊ ဇဗ္ဗူသီရိခန်းမဆောင်နှင့် အမျိုးသားလွှတ်တော်အဆောက်အဦတို့ ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် ထိခိုက်ပျက်စီးမှုအား စနစ်တကျဖြင့်ဖြစ်နိုင်သမျှအမြန်ဆုံးပြန်လည်ပြုပြင်တည်ဆောက်ရန်၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်မှာကြားသည်။
ထို့ပြင် ရေရှည်ခိုင်ခံ့တည်တံ့စေရေးနှင့် ခိုင်ခိုင်မာမာဖြစ်စေရေးအတွက် နည်းပညာကျွမ်းကျင်သူများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများဆောင်ရွက်ရန်၊ အရည်အသွေးပြည့်မီသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအား အသုံးပြုရန်တို့ကိုလည်း နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။