ဝင်ငွေခွန်ကင်းလွတ်ခွင့် (၅) နှစ်မှ (၇) နှစ်အထိ ရရှိမည်
ရှမ်းပြည်နယ်အတွင်း သတ္တုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ နှင့်ပြောင်းသန့်စင်ခြင်းလုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းသစ်များ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလေးနိုင်က နိုင်ငံပိုင်သတင်းဌာနသို့ ဖြေကြားထားသည်။
ထို့အပြင် အဆိုပါ လုပ်ငန်းများအတွက် ရှမ်းပြည်နယ်တွင် လာရောက်ကာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက ဝင်ငွေခွန်ကင်းလွတ်ခွင့် (၅) နှစ်မှ (၇) နှစ်အထိ ရရှိမည်ဖြစ်ကြောင်း သိရသည်။
“လောလောဆယ်မှာ ပြင်ဆင်နေတဲ့ အမှုတွဲတည်ဆောက်နေတဲ့လုပ်ငန်းတွေရှိနေပါတယ်။ အဲ့ဒါက ပြောင်းသန့်စင်လုပ်ငန်းတွေ၊ ရှမ်းအရှေ့မှာဆိုရင် Investment Promotion သွားလုပ်လိုက်တဲ့ အနေအထားမှာ စိတ်ဝင်စားလာရောက်မှာက သတ္တုကဏ္ဍနဲ့ လျှပ်စစ် ထုတ်လုပ်ရေးကဏ္ဍပါ။ ရှမ်းအရှေ့မှာက လျှပ်စစ်မီးက နိုင်ငံတော်အဆင့်မရောက်သေးပါဘူး။ အဲ့ဒီဒေသမှာ ဆိုလာနဲ့မီးပေးဖို့ ရင်း နှီးမြှုပ်နှံမှု ခွင့်ပြုပေးထားတဲ့ မဂ္ဂါဝပ် ၃၀ အောက်၊ အဲ့ဒီလုပ်ငန်းတွေ ဝင်လာဖို့ရှိနေပါတယ်” ဟု ဦးလေးနိုင်က ပြောကြားထားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ ရှမ်းပြည်နယ်အတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့မှ ခွင့်ပြုထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (၈) ခုမှ ကန်ဒေါ်လာ ၂၇ ဒသမ ၅၅၈ သန်း ရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု (၁) ခုမှ မြန်မာကျပ်ငွေ သန်း ၇၀၀ ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
Photo -Myanmar Business Directory