နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ
တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ ဧပြီလ ၃၀ ရက် နံနက်ပိုင်းတွင် ကန်းနီ၊ နားရခေါင်၊ ကြာအင်း၊ ကျွန်းတောနှင့် ကူဆိပ်ကျေးရွာတို့ကို အဆင့်ဆင့် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ တစ်ပတ်တာအတွင်း တိုက်ပွဲကြီး/ငယ် (၁၇) ကြိမ်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ပြန်လည်ထူထောင်ရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ
လက်ရှိတွင် အင်းတော်မြို့အတွင်း၌ တိုက်ပွဲများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် လူနေအိမ်များ၊ လမ်းတံတားများနှင့် ဌာနဆိုင်ရာ အဆောက်အအုံများကို ပြန်လည်ပြုပြင်ရန် တပ်မတော်စစ်ကြောင်းများက ပြင်ဆင်လျက်ရှိသည်။ အထူးသဖြင့် အများပြည်သူ အသုံးပြုသည့် လမ်းများနှင့် အဆောက်အအုံများကြားတွင် ထောင်ထားသည့် မိုင်းများကို အမြန်ဆုံး ရှင်းလင်းပေးသွားမည်ဖြစ်သည်။
ပညာရေးကဏ္ဍ ဦးစားပေးဆောင်ရွက်မှု
ဒေသခံ ကျောင်းနေအရွယ် ကလေးငယ်များ ပညာသင်ကြားမှု မပြတ်တောက်စေရန်အတွက် ပျက်စီးသွားသော စာသင်ကျောင်းများကို အမြန်ဆုံး ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ပြီး ကျောင်းများ အချိန်မီ ပြန်လည်ဖွင့်လှစ်နိုင်ရေးကို ဦးစားပေး ကဏ္ဍတစ်ခုအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။