ရုရှားသမ္မတ ဗလာဒီမာပူတင်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နှင့် ပေကျင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ကင်မ်ကို ရုရှားနိုင်ငံသို့ အလည်အပတ်လာရောက်ရန် ဖိတ်ကြားခဲ့သည်ဟု ခရမ္မလင်က ထုတ်ပြန်ခဲ့သော ဗီဒီယိုသတင်းအရ သိရသည်။
နှစ်နာရီခွဲကြာ ဆွေးနွေးပွဲအပြီးတွင် ပူတင်ကို ပွေ့ဖက်နှုတ်ဆက်ကာ “မကြာခင် တွေ့ကြမယ်” ဟု ကင်မ်က စကားပြန်မှတဆင့် ပြောကြားခဲ့သည်။
“ကျွန်တော်တို့ဆီလာခဲ့ပါ၊ ကျွန်တော်တို့ ခင်ဗျားကို စောင့်ကြိုနေမယ်” ဟု ပူတင်က တုန့်ပြန်ပြောကြားခဲ့သည်။
ယူကရိန်းစစ်ပွဲတွင် ပါဝင်ဆင်နွှဲရန် တပ်ဖွဲ့များ ကို စေလွှတ်ပေးခဲ့မှုအတွက် ပြုံယမ်းကို ကျေးဇူးတင်ကြောင်း ရုရှားသမ္မတက ပြောကြားခဲ့သည်။ ကင်မ် သည် အစောပိုင်းကတည်းက ပူတင်ကို အပြည့်အဝထောက်ခံကြောင်းကတိပြုခဲ့ပြီးဖြစ်သည်။ မော်စကိုအတွက် တတ်နိုင်သမျှ အရာတိုင်းကို ကူညီသွားမည်ဖြစ်ကြောင်း ကင်မ်က ပြန်လည်ပြောကြားခဲ့သည်။
Ref: ယူအက်စ်နူးစ်
