AI ခေတ်အတွင်း မျိုးဆက်သစ် စီးပွားရေးလုပ်ငန်းရှင်များ၏ အခန်းကဏ္ဍကို အဓိကထားမည်
(၁၀)ကြိမ်မြောက် ကမ္ဘာ့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) နေ့ အခမ်းအနားကို စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက လာမည့် ဇွန် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-1) ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
MSME လုပ်ငန်းများသည် ကမ္ဘာတစ်ဝန်း အလုပ်အကိုင်ဖန်တီးပေးနိုင်သည့် အဓိကအရင်းအမြစ်တစ်ခုဖြစ်ပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ လူငယ်များနှင့် လုပ်ငန်းရှင်များ၏ တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် အရေးပါသောကဏ္ဍတစ်ခုဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို MSME လုပ်ငန်းများမှတစ်ဆင့် ဒေသတွင်းနှင့် နိုင်ငံတကာဈေးကွက်များသို့ တိုးချဲ့ဝင်ရောက်နိုင်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးအလေ့အကျင့်ကောင်းများနှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုမူဝါဒများကို မြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးရည်မှန်းချက်များ (SDGs) အောင်မြင်စေရေးတွင် MSME လုပ်ငန်းများ၏ အရေးပါမှုကို ပြည်သူများ ပိုမိုသိရှိနားလည်လာစေရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။
အခမ်းအနားအတွင်း ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ နေပြည်တော်ကောင်စီနယ်မြေတို့မှ MSME အေဂျင်စီများ၏ ဖွံ့ဖြိုးရေးဆိုင်ရာ ပြခန်းများ၊ စကားဝိုင်းဆွေးနွေးပွဲများနှင့် အသိပညာပေး ဟောပြောပွဲများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ် ကျင်းပမည့် (၁၀)ကြိမ်မြောက် ကမ္ဘာ့ MSME နေ့ အခမ်းအနားတွင် လက်ရှိနည်းပညာနှင့် ဉာဏ်ရည်တု (AI) ခေတ်အတွင်း မျိုးဆက်သစ် စီးပွားရေးလုပ်ငန်းရှင်များ၏ အခန်းကဏ္ဍနှင့် စီးပွားရေးဆိုင်ရာ ဆန်းသစ်တီထွင်မှုများကို အဓိကဦးတည် တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
