ယနေ့ သြဂုတ်လ ၃၀ရက်နေ့ မနက် ၅နာရီဝန်းကျင်က စပြီး ရန်ကုန်မြို့အနှံ့ ပေါက်ကွဲမှုဖြစ်ခဲ့တာမှာ ၁၀ကြိမ်ထက် မနည်းဖြစ်ပွား ခဲ့ပါတယ်။
ဒဂုံ၊ကမာရွတ်၊ တောင်ဥက္ကလာပ၊ အင်းစိန်၊ မြောက်ဒဂုံတို့ရှိ ယာဉ်ထိန်းရဲ ရုံးအချို့ တို့ ပေါက်ကွဲမှု ကြောင့် ထိခိုက်ပျက်စီးမှုအချို့ ရှိခဲ့တယ် လို့ သိရပါတယ်။
ယာဉ်ထိန်းရဲရုံးတွေအနီးပေါက်ကွဲမှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ ထုတ်ပြန် သတင်းတွေကဆိုပါတယ်။
တောင်ဥက္ကလာပမြို့နယ် အတွင်း ပေါက်ကွဲမှုတွေကတော့ (၄)ရပ်ကွက် ၊ပါရမီလမ်းနဲ့ ဝေဇယန္တာလမ်းထောင့် ၊INNO City အဆောက်အဦ အနီး ယာဉ်ထိန်းရုံဘေး CCTV BOX အနီးနဲ့ (၈)ရပ်ကွက် ၊ဝေဇယန္တာလမ်းနဲ့ သစ္စာလမ်းထောင့် ၊ဗဟိုဈေး မီးပွိုင့် ယာဉ်ထိန်းရုံဘေး CCTV Box အနီးမှာဖြစ်ပါတယ်။
ကမာရွတ်မြို့နယ် အတွင်းရှိ ယာဉ်ထိန်ရုံများအနီးပေါက်ကွဲမှုတွေကတော့ ကမာရွတ်မြို့နယ်(၂)ရပ်ကွက် ၊ပြည်လမ်းနဲ့ အင်းစိန်လမ်း၊ လှည်းတန်းလမ်းဆုံရှိ ယာဉ်ထိန်းရုံး အချက်ပြ မီးပွိုင့်နေရာနဲ့ (၇)ရပ်ကွက်ကျွန်းတောလမ်းနဲ့ ဟံသာဝတီလမ်းထောင့်ရှိ ယာဉ်ထိန်းရုံး အချက်ပြ မီးပွိုင့်နေရာတို့မှာဖြစ်ပါတယ်။
အလားတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်း မှော်ဘီမြိုနယ် လျှပ်စစ်ရုံးအနီးမှာလည်း ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့သေးပြီး ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
လျှပ်စစ်ရုံးအနီးနားက အမှိုက်အိတ်တစ်အိတ်ကို ကောက်ကိုင်ခဲ့ရာမှာတဆင့် ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပါတယ်။
ယနေ့မနက်ပိုင်း ဗုံးပေါက်ကွဲမှုတွေကြောင့် ရန်ကုန်မြို့ရဲ့ နေရာတော်တော် များများမှာ စစ်ဆေးမှုများ ရှိခဲ့ပါတယ်။