ရန်ကုန်တိုင်း ဒေသကြီးအတွင်း လုပ်ငန်းလိုင်စင် လျှောက်ထားသည့် ရွှေဆိုင် (၁,၅၀၀) အထိ ရှိလာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။
အဆိုပါ လုပ်ငန်းလိုင်စင်လျှောက်ထားသည့် ရွှေဆိုင် (၁,၅၀၀) အနက် ရွှေဆိုင် (၁,၀၀၀) ဝန်းကျင်သည် လိုင်စင်ထုတ်ယူပြီးဖြစ်ကြောင်းလည်း သိရသည်။
ရွှေဆိုင်များ လိုင်စင်လျှောက်ထားရာတွင် မူလသတ်မှတ်ထားသည့် နောက်ဆုံးလျှောက်ထားရမည့် ရက်သတ်မှတ်ချက်ကိုလည်း ဖြေလျှော့ပေးထားပြီး ထပ်မံလျှောက်ထားခွင့်ပေးထားကြောင်း သိရသည်။
ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်သည့် ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူ များအနေဖြင့် လုပ်ငန်းလိုင်စင် လျှောက်ထားရာတွင် လုပ်ငန်းပမာဏ၏ ၂၅ ရာခိုင်နှုန်း နှင့် ညီမျှသည့် ငွေကြေးပမာဏကို ဘဏ်တွင်အပ်နှံထားသော အထောက်အထား (Bank Statement) တင်ပြရမည်ဖြစ်ပြီး အရောင်းအဝယ်ပမာဏကို ရွှေအချိန်နှင့် ဖော်ပြပေးရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လိုင်စင်လျှောက်ထားရာတွင်လည်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း သို့မဟုတ် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း၏ အဖွဲ့ဝင်ဖြစ်ကြောင်း ထောက်ခံချက်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဦးစီးမှူး၏ ရွှေဆိုင်အတွက် လိုင်စင်လျှောက်ထားခြင်းကို ကန့်ကွက်မှု မရှိကြောင်း ထောက်ခံချက်၊ ရဲတပ်ဖွဲ့၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံ ချက်များကိုပါ ပူးတွဲတင်ပြရမည်ဖြစ်သည်။
ယင်းအပြင် အခွန်ဆောင်ထားသည့် သက်ဆိုင်ရာပြည်တွင်း အခွန်များ ဦးစီးဌာန၏ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်နှင့် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပေးထားသည့် လုပ်ငန်းလိုင်စင်ကိုပါ ပူးတွဲတင်ပြရမည်ဖြစ်သည်။
ရွှေဆိုင်များအနေဖြင့် မြေပြင်တွင်လည်း ရွှေရောင်းဝယ်ခြင်း လုပ်ကိုင်ဆောင်ရွက်ရန်အတွက် လုပ်ငန်းလိုင်စင် လျှောက်ထားရယူရန်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေနှင့်အညီ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း သိရသည်။