ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ၎င်းစီမံချက်နှင့် ပတ်သက်၍ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ အသက် (၁၈) နှစ်ပြည့်ပြီးသော်လည်း မှတ်ပုံတင်မရရှိသေးသူများနှင့် အသက် (၁၀) နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများကို ဥပဒေနှင့်အညီ နိုင်ငံသားကတ် ထုတ်ပေးခြင်းအပြင် e-ID စနစ်အတွက် Unique ID ကောက်ယူခြင်းကိုပါ တစ်ပါတည်း ဆောင်ရွက်သွားမည် ဖြစ်သည်။
အထူးသဖြင့် သဘာဝဘေးအန္တရာယ်နှင့် အခြေအနေအမျိုးမျိုးကြောင့် အိမ်ထောင်စုစာရင်း သို့မဟုတ် မှတ်ပုံတင် ပျောက်ဆုံး၊ ပျက်စီးသွားသူများအတွက် ဝန်ကြီးဌာနဝန်ထမ်းများက မြို့နယ်ရုံးအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ အထောက်အထား မပြည့်စုံသူများကိုလည်း မြို့နယ်အဆင့် ငါးဦးကော်မတီဖြင့် စိစစ်အတည်ပြုကာ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားကတ်များကို အဆင်ပြေချောမွေ့စွာ ပြန်လည်ထုတ်ပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း အပြီးသတ်ရန် ကြိုးပမ်းသွားမည်ဖြစ်သော်လည်း သတ်မှတ်ကာလအတွင်း မပြီးစီးပါကလည်း ရည်မှန်းချက်ပြည့်မီသည်အထိ ကာလတိုးမြှင့်ကာ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဟု ဆိုပါသည်။
ထို့ပြင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အစီရင်ခံစာ ထုတ်ပြန်ခြင်းကိုလည်း ပြည်သူ့အကျိုးအတွက် ယခုကာလအတွင်း အလေးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။