ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း (၃၈၀)ကျော် မျိုးစိုက်ထည့်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ငါးသားပေါက်များကို ဧရာဝတီ၊ သံလွင်၊ ချင်းတွင်းနှင့် စစ်တောင်းစသည့် မြစ်ကြီးများတွင် အဓိက ထည့်မည်ဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ အခြားသော မြစ်၊ ချောင်း၊ အင်းအိုင်နှင့် သဘာ၀ရေကန်များတွင်လည်း ထည့်မည်ဖြစ်ကြောင်း သိရသည်။
မျိုးစိုက်ထည့်မည့် ငါးအမျိုးအစားများမှာ ငါးမြစ်ချင်း၊ ရွှေ၀ါငါးကြင်းနှင့် ငါးခုံးမ ငါးများဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ ငါးသားပေါက်များ ဆောင်ရွက်ရခြင်းသည် တစ်နိုင်တစ်ပိုင်ငါးမွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်လာနိုင်ပြီး ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစု၀င်ငွေပိုမိုရရှိစေသည့်အပြင် နိုင်ငံတော်အတွက်လည်း နိုင်ငံခြား၀င်ငွေရရှိရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုစေကြောင်း သိရသည်။
ငါးမွေးမြူရေးအစီအစဉ်အပြင် ငါးမွေးမြူရေးလုပ်ငန်းဦးစီးဌာနမှ ဒေသခံတောင်သူများနှင့် ငါးသားဖောက်လုပ်ငန်းကို စိတ်ပါဝင်စားသော တောင်သူလယ်သမားများအား အခြေခံငါးမွေးမြူရေးသင်တန်းများကိုလည်း ပို့ချပေးလျက်ရှိကြောင်း သိရသည်။
