ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်နေကာ ရေကြီးမှုသည် လေးရက်နီးပါး ကြာမြင့်လာပြီ ဖြစ်ကြောင်း သိရသည်။
“မြို့ပေါ် ရပ်ကွက် ငါးခုလုံး ဖြစ်နေတာပါ” ဟု မြို့ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။
ဥရုချောင်းရေကြီးမှုကြောင့် ရေဝင်ရောက်မှုသည် အေးမြသာယာ၊ ငှက်ပျောတော၊ မြို့မကျောက်ဝိုင်း၊ မှော်ဝမ်းနှင့် မရှီကထောင် စသည့် မြို့ပေါ်ရပ်ကွက်များအထိ ရေဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
“ညပိုင်းကနေ မိုးကထပ်ရွာပြန်တော့ ဒီကနေ့အထိ ရွာနေတုန်းပါပဲ။ ရေက အများကြီးမကျနိုင်ဘူးဖြစ်နေတယ်” ဟုလည်း မြို့ခံတစ်ဦးက ထပ်လောင်းပြောကြားခဲ့သည်။
ယင်းကဲ့သို့ရေကြီးမှုသည် ဇွန်လ ၂၁ ရက်နေ့မှ စတင်ခဲ့ပြီး ယနေ့အထိ ရေဘေးကြုံတွေ့နေရဆဲဖြစ်ကြောင်းလည်း သိရသည်။
