ရေး၊ စက်တင်ဘာ ၁၆
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျိုက်ဒေ့တမောဗရတ် ကိုရင်လေးဆရာတော် သာသနာပြုနယ်မြေ၊ ပုပ္ဖရမ္မဓမ္မရာဇိကစေတီ ရင်ပြင်တော်တွင် ပြာသာဒ်ဆောင်ဖြင့် ချိတ်ဆွဲပူဇော်ရန် အလေးချိန် ၂၅ တန်ရှိ “ရာမည အတုလ ဓမ္မရာဇိက” ကြေးခေါင်းလောင်းကြီးကို သွန်းလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကြေးခေါင်းလောင်းကြီးသည် ပိဿာချိန် ၁၅,၃၀၀ ခန့်ရှိမည်ဖြစ်ပြီး သွန်းလုပ်ပြီးစီးပါက မြန်မာနိုင်ငံ၏ စတုတ္ထမြောက်အကြီးဆုံး ကြေးခေါင်းလောင်းကြီး ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မင်းကွန်းခေါင်းလောင်းကြီး၊ သာယာဝတီမင်းခေါင်းလောင်းတော်နှင့် သီရိသုမနခေါင်းလောင်းတော်တို့ကို မြန်မာနိုင်ငံရှိ အကြီးဆုံးကြေးခေါင်းလောင်းကြီးများအဖြစ် အစဉ်လိုက် သတ်မှတ်ထားကြောင်း သိရသည်။
ခေါင်းလောင်းကြီးသွန်းလုပ်ရန် ဒေသခံပြည်သူများ လှူဒါန်းထားသည့် ကြေးထည်ပစ္စည်းများအနက် ရှေးဟောင်းလက်ရာပစ္စည်းများကို ခေါင်းလောင်းသွန်းလုပ်ရာတွင် အသုံးမပြုဘဲ ပြတိုက်ငယ်တစ်ခုအဖြစ် ထိန်းသိမ်းစုဆောင်းထားမည်ဖြစ်သည်။
ကျန်ရှိသည့် ကြေးထည်ပစ္စည်းများကိုသာ “ရာမည အတုလ ဓမ္မရာဇိက” ကြေးခေါင်းလောင်းကြီး သွန်းလုပ်ရာတွင် ထည့်သွင်းအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
