မြို့ပြအင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်နေသည့် နေပြည်တော်တစ်ခွင်အား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၂၀ ရက်နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့သည်။
မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် မြန်မာ့ကျောက်မျက်ရတနာပြတိုက်(နေပြည်တော်)အား မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ အကြံပြုချက်၊ သတ်မှတ်ချက်များနှင့်အညီ ငလျင်ဘေးဒ-ဏ်ခံနိုင်မှုရှိစေရေး အဆင့်အလိုက်၊ အပိုင်းအလိုက် ပြန်လည်ပြင်ဆင်တည်ဆောက်ထားမှု၊ မဏိရတနာကျောက်စိမ်းခန်းမနှင့် ကျောက်စိမ်းဥယျာဉ်(နေပြည်တော်)ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့ပြင် ရာဇသင်္ဂဟလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားမှု၊ သပြေကုန်းအဝိုင်းအနီး ဝန်းကျင်၌ မြို့ပြအင်္ဂါရပ်နှင့်လျော်ညီစွာဆောင်ရွက်ရေး၊ နေပြည်တော်မြို့အဝင်မုခ်ဦး(Naypyitaw Gate) နှင့် ပန်းခြံတည်ဆောက်ရေးလုပ်ငန်းခွင်တို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့အတူ နေပြည်တော်ရင်ပြင်ကို ကြည့်ရှုစစ်ဆေးပြီး ရင်ပြင်ပတ်လည်နေရာများ၌ မြန်မာ့သမိုင်းဝင်အထင်ကရပုဂ္ဂိုလ်များ၏ ရုပ်တုများထည့်သွင်းတည်ဆောက်ရန်၊ စကျင်ကျောက်များဖြင့် ရုပ်လုံးရုပ်ကြွများထည့်သွင်းတည်ဆောက်ရန်၊ ရင်ပြင်ပတ်လည်တွင် မြို့ပြအင်္ဂါရပ်နှင့် လျော်ညီသည့်အဆောက်အဦများထည့်သွင်းတည်ဆောက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဂုဏ်ပြုဗိမာန်တည်ဆောက်ရေးလုပ်ငန်းခွင်ကိုကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဂုဏ်ပြုဗိမာန်အတွင်း ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေးအတွက်ကြိုးပမ်းတည်ဆောက်ခဲ့ကြသည့် ပုဂ္ဂိုလ်ကြီးများ၏ ရုပ်တုများကိုထုဆစ်ထားရှိသွားမည်ဖြစ်၍ ဗိမာန်နှင့် အခြေခံအဆောက်အဦများတည်ဆောက်ရာ၌ မြန်မာမှုယဉ်ကျေးမှုနှင့် ခေတ်သစ်ဗိသုကာအနုပညာလက်ရာတို့ကို အချိုးညီထည့်သွင်းတည်ဆောက်ရန် နိုင်ငံတော်သမ္မတက မှာကြားခဲ့သည်။
