ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် လှိုင်းဘွဲ့မြို့နယ်တို့၌ ယာယီရပ်နားထားခဲ့ရသော သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် အစိုးရပါဠိ ပထမပြန်စာမေးပွဲ၏ ပထမနေ့အား ယနေ့ ဇွန် ၄ ရက်မွန်းတည့် ၁၂ နာရီက စတင်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
မြဝတီမြို့၊ ရွှေမြင်းဝန်စေတီတော်အတွင်းရှိ သာသနာ့ဟိတကာရီဗိမာန်တော်စာဖြေဌာန၌ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်းတို့တွင် သံဃာတော်(၉၄)ပါး၊ သီလရှင် (၄၈)ပါး(စုစုပေါင်း ၁၄၂ ပါး)ဝင်ရောက်ဖြေဆိုတော်မူခဲ့ကြကြောင်း သိရသည်။
ထို့ပြင် လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့မဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ကျင်းပသည့် အစိုးရပါဠိပထမပြန်စာမေးပွဲတွင်လည်း ပထမကြီးတန်းတွင် သံဃာတော်(၁)ပါး၊ ပထမလတ်တန်းတွင် သံဃာတော် (၄)ပါး၊ ပထမငယ်တန်းတွင် သံဃာတော်(၁၆)ပါး၊ အခြေပြုမူလတန်းတွင် သံဃာတော်(၅၅)ပါး(စုစုပေါင်း သံဃာတော် ၇၆ ပါး)ဝင်ရောက်ဖြေဆိုတော်မူခဲ့ကြကြောင်း သိရသည်။
အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲအား မတ် ၃၁ ရက်တွင်ကျင်းပရန်စီစဥ်ထားသော်လည်း မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ယာယီရပ်နားထားခဲ့ရာမှ ယနေ့ ဇွန် ၄ ရက်ကစတင်ကာ ဇွန် ၁၀ ရက်အထိ ပြန်လည်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။