မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ လမ်း ညွှန်မှုဖြင့် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်ဝူရှူးအားကစားသမားများ ပိုမိုပေါ်ထွက်လာစေရေးနှင့် မျိုးဆက်သစ်လူငယ်အား ကစားသမားများ မွေးထုတ်နိုင်ရေးကို ရည်ရွယ်၍ ၂၀၂၆ ခုနှစ် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် အလုပ်အမှုဆောင်သစ်ပြန်လည်ဖွဲ့စည်းခြင်းနှင့် ရွေးကောက်ပွဲကို ယနေ့ ဇူလိုင် ၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ Myanmar Sport Hotel တွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသစွာ (ခ) Mr. Li Bobo က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယဥက္ကဋ္ဌများက ရွေးချယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် အထွေထွေအတွင်းရေးမှူး ဒေါ်ဆွေဆွေသန့်က မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်၏ သမိုင်းကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ရှေ့ဆက်အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသည့် အဖွဲ့ဝင်များက အလုပ်အမှုဆောင်အဖွဲ့သစ်ကို ရွေးချယ်တင်မြှောက်ခဲ့ကြပြီး ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ (၂) ဦး၊ ဥက္ကဋ္ဌ (၁) ဦး၊ ဒုတိယဥက္ကဋ္ဌ (၆) ဦး၊ အမှုဆောင် (၁၂) ဦး၊ တွဲဖက်အတွင်းရေးမှူး (၂) ဦးနှင့် အထွေထွေအတွင်းရေးမှူး (၁) ဦး စုစုပေါင်း(၂၄) ဦးဖြင့် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့သစ်ကို ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
