ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင် ကျပ်သိန်း(၁၀၀၀)ကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဇူလိုင်လ ၂၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၂၃ ရက် ညနေ ၅ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် သတင်းအရ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်တွင် ဆင်ဂေါန်ခွမ်(ခ)နောနော် မောင်းနှင်ပြီး စိုင်းရီမွန်း လိုက်ပါလာသည့် CROWN အမျိုးအစား မော်တော်ယာဉ်အား သက်သေများနှင့်အတူ ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၈၄၅ ဂရမ်(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေ ကျပ် ၁၀၁၄ သိန်း)၊ ကက်တမင်း အလေးချိန် ၆၅ ဂရမ်(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၅၂ သိန်း)နှင့် လက်ကိုင်ဖုန်း (၁) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ထို့ကြောင့် ဆင်ဂေါန်ခွမ်(ခ)နောနော် (၂၃) နှစ်နှင့် စိုင်းရီမွန်း (၂၄) နှစ်တို့အား ပလနနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။