စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်း ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဝါ ၁၇,၈၃၇ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မုံရွာမြို့နယ်တွင် ဝါ ၁၇,၈၃၇ ဧက စိုက်ပျိုးရန် လျာထားပြီး လာမည့် ဇွန်လမှစတင်၍ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝါစိုက်ပျိုးထုတ်လုပ်ရာတွင် မျိုးကောင်းမျိုးသန့်များ ရရှိစေရေးနှင့် တောင်သူများ စိုက်ပျိုးရာသီအမီ စိုက်ပျိုးနိုင်စေရန်အတွက် ဝါမျိုးစေ့များကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဝါစိုက်တောင်သူများအား မျိုးကောင်းမျိုးသန့်များ ရရှိစေရေး၊ ဝါသီးနှံဖြစ်ထွန်းအောင်မြင်စေရေး၊ ပိုးမွှားရောဂါများ ကြိုတင်ကာကွယ်နိုင်ရေးနှင့် အထွက်နှုန်းကောင်းမွန်စေရန် စိုက်နည်းစနစ်မှန်ကန်ရေးတို့အတွက် နည်းပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
ဝါသီးနှံကို အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းသုံးစွဲမှု ဖူလုံစေရုံသာမက ပိုလျှံထွက်ရှိမှုများကို ရောင်းချခြင်းဖြင့် တောင်သူများ၏ ဝင်ငွေတိုးတက်လာကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
