မန်ယူအသင်းနှင့်ယှဥ်ပြိုင်ကစားခဲ့သော ASEAN ALL STAR အသင်းတွင်ပါဝင်ခဲ့ပြီး အနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းကစားသမား မောင်မောင်လွင်အား MFF အလုပ်အမှုဆောင်အဖွဲ့မှ ဂုဏ်ပြုဆုငွေကျပ်သိန်း(၁,၀၀၀)နှင့်အမှတ်တရဆုချီးမြှင့်ခဲ့သည်။
မြန်မာ့လက်ရွေးစင်ကစားသမား မောင်မောင်လွင်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အလုပ်အမှုဆောင်အစည်းအဝေး(၂/၂၀၂၅)ကျင်းပရာ၌ ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အစည်းအဝေး၌ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲတော်(ဆီးဂိမ်းစ်)ပြိုင်ပွဲဝင် မြန်မာယူ-၂၂ အသင်း၊ အမျိုးသမီးလက်ရွေးစင်အသင်း၊ အမျိုးသားနှင့် အမျိုးသမီး ဖူဆယ်လက်ရွေးစင်အသင်းများ အောင်မြင်ရေးကြိုတင်ပြင်ဆင်မှုများ၊ မြန်မာ့လက်ရွေးစင်အမျိုးသား၊ အမျိုးသမီး၊ လူငယ်သက်တမ်းအလိုက်အသင်းများနှင့် ဖူဆယ်အသင်းများအားလုံး အာရှ၊ အာဆီယံ ပြိုင်ပွဲများအတွက် ရည်မှန်းချက်များနှင့် ပြင်ဆင်မှုများကို သုံးသပ်ဆွေးနွေးခဲ့ကြသည်။
ထို့အတူ ငလျင်ဒဏ်ကြောင့်ပျ-က်စီးခဲ့သည့် မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)ရှင်းလင်းခြင်း၊ တည်ဆောက်ခြင်းနှင့် ၂၀၂၅ ပညာသစ်နှစ် ယာယီအဆောက်အဦးဖြင့်စီစဉ်နေမှု၊ ကစားကွင်းသစ်များနှင့် လေ့ကျင့်ရေးစင်တာများ အတူတကွဖော်ထုတ်ခြင်း၊ FIFA Football For Schools အစီအစဉ် အကောင်အထည်ဖော်ခြင်း၊ ဆီးဂိမ်းစ်အပါအဝင် နိုင်ငံတကာပွဲများအား ရုပ်သံထုတ်လွှင့်ခြင်း၊ နိုင်ငံဒေသနေရာများအလိုက် ဘောလုံးလေ့ကျင့်ရေးစင်တာများဖွင့်လှစ်ရေး၊ ယူ-၁၅ လိဂ်နှင့် လူငယ်ပြိုင်ပွဲများပိုမိုအဆင့်မြှင့်တင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။