မန္တလေး၊ စက်တင်ဘာ ၁၄
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ကျောင်းဆင်းဘွဲ့ယူကြမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်စေရေး ဆက်လက်ထိန်းသိမ်းစောင့်ရှောက် ကာကွယ်သွားကြရန် ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက တိုက်တွန်းပြောကြားသည်။
ဒုတိယဝန်ကြီးသည် ယမန်နေ့က မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အကြိမ် (၂၀) မြောက် ဘွဲ့ယူစွမ်းရည်ပြ ပန်းချီ၊ ပန်းပုလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ် စင်တင်တင်ဆက်ပွဲသို့ တက်ရောက်ကြည့်ရှုစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ပန်းချီ၊ ပန်းပုလက်ရာမွန်ပြပွဲတွင် ပန်းချီပညာဌာနမှ စတုတ္ထနှစ်၊ ဘွဲ့လွန်အနုပညာဒီပလိုမာတန်းနှင့် မဟာဝိဇ္ဇာတန်း ကျောင်းသား၊ ကျောင်းသူများ၏ ဆီဆေး၊ ရေဆေးနှင့် Acrylic ပန်းချီလက်ရာများကို ပြသထားသည်။
ထို့ပြင် ပန်းပုပညာဌာနမှ စတုတ္ထနှစ်နှင့် ဘွဲ့လွန်အနုပညာဒီပလိုမာတန်း ကျောင်းသားများ၏ ဖိုက်ဘာ၊ ပလာစတာနှင့် သစ်သားတို့ဖြင့် ပုံဖော်ထုဆစ်ထားသည့် ပန်းပုလက်ရာများကိုလည်း ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ကို ၂၀၀၁ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့် ပြဇာတ်ဆိုင်ရာ အထူးပြုဘာသာရပ်များကို စာပေပညာရပ်များနှင့် တွဲဖက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
