နိုင်ငံ၏ ဥပဒေပြုရေးအဖွဲ့အစည်းဖြစ်သော ဗီယက်နမ်အမျိုးသားလွှတ်တော်က အောက်တိုဘာလ ၂၅ ရက် နေ့တွင် ဒုတိယဝန်ကြီးချုပ်အသစ် နှစ်ဦးနှင့် ဝန်ကြီးသုံးဦး ခန့်အပ်မှုကို အတည်ပြုပေးလိုက်သည်ဟု နိုင်ငံပိုင်မီဒီယာက သတင်းဖော်ပြခဲ့သည်။
ထပ်မံခန့်အပ်လိုက်သည့် ဒုတိယဝန်ကြီးချုပ် နှစ်ဦးသည် ပြည်ထဲရေးဝန်ကြီးဟောင်း ဖမ်သီထန်ထရာနှင့် ဂီယာလိုင်းပြည်နယ် ကွန်မြူနစ်ပါတီအကြီးအကဲဟောင်း ဟိုကောက်ဒုန်တို့ဖြစ်ကြောင်း ဗီယက်နမ်သတင်းဌာနက ဖော်ပြခဲ့သည်။
အဆိုပါ ခန့်အပ်မှုကြောင့် နိုင်ငံတော်အစိုးရအဖွဲ့တွင် ယခုအခါ ဒုတိယဝန်ကြီးချုပ်အရေအတွက်သည် ကိုးဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။
လွှတ်တော်သည် နိုင်ငံခြားရေးဝန်ကြီး၊ စိုက်ပျိုးရေးဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးများ၏ ခန့်အပ်မှုများကိုလည်း အောက်တိုဘာလ ၂၅ ရက် နေ့တွင်ပင် အတည်ပြုပေးခဲ့သည်ဟု သတင်းက ဆက်လက်ဖော်ပြခဲ့သည်။
အမျိုးသားလွှတ်တော်သည် ၂၀၂၅ ခုနှစ်အတွက် ယင်း၏ နောက်ဆုံး လွှတ်တော်အစည်းအဝေးကို အောက်တိုဘာလ ၂၀ ရက် နေ့တွင် စတင်ခဲ့ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့အထိတိုင် ကျင်းပသွားမည်ဖြစ်သည်။
ငါးနှစ်တစ်ကြိမ်ကျင်းပသည့် ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ ဇန်နဝါရီလ ညီလာခံမတိုင်မီ အမျိုးသားလွှတ်တော်အစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်ပြီး ပါတီညီလာခံတွင် နောက်ငါးနှစ်တာကာလအတွက် နိုင်ငံ၏ အဓိကကျသော မဟာဗျူဟာများနှင့် မူဝါဒများကို ချမှတ်သွားမည့်အပြင် ခေါင်းဆောင်အဖွဲ့သစ်ကိုလည်း ရွေးချယ်သွားမည်ဟု မျှော်လင့်ရသည်။
Ref: သည်စထရိတ်တိုင်းမ်စ်
