ပြည်ပမှပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများ ကျွမ်းကျင်မှုအလိုက်အလုပ်ရရှိရန်ချိတ်ဆက်ဆောင်ရွက်ပေးနေသည်ဟု အလုပ်သမားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ခဲ့သည်။
အလုပ်သမားဝန်ကြီးဌာနမှ အမေရိကန်အစိုးရ၏ ၂၀၂၄ ခုနှစ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာအစီရင်ခံစာပါအကြံပြုချက်များနှင့်ပတ်သက်၍ ၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေကို အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများအနေဖြင့် နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်(၁၅)ခုရှိ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် အလုပ်သမားမှတ်ပုံတင်နိုင်သည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။
ထိုသို့ အလုပ်သမားမှတ်ပုံတင်ထားသူများအတွက် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများက အလုပ်ရှင်များထံမှ အမှာစာများလက်ခံ၍ ၎င်းတို့၏ ကျွမ်းကျင်မှုအလိုက်အလုပ်ရရှိရန် ချိတ်ဆက်ဆောင်ရွက်ပေးနေသည်ဟုလည်း ရေးသားထားသည်။
ထို့အတူ ထိုင်းနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့်ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများကို တရားဝင်ပြန်လည်လွှဲပြောင်းပေးခြင်းအား သက်ဆိုင်ရာနယ်စပ်ဂိတ်များတွင် ကော်မတီများဖွဲ့စည်း၍ ပြန်လည်ကြိုဆိုလက်ခံလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း အမျိုးသား (၁၂၇)ဦး၊ အမျိုးသမီး(၂၇)ဦး(စုစုပေါင်း ၁၅၄ ဦး)ကို ပြန်လည်ကြိုဆိုလက်ခံခဲ့သည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။