ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ယနေ့ ဧပြီ ၃ ရက်နံနက်ပိုင်းက ပြည်ထောင်စုလွှတ်တော်တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး ပါဝင်သော နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲ အစည်းအဝေးမှ နိုင်ငံတော်သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခဲ့ကြသည်။
ထိုသို့ ရွေးကောက်တင်မြှောက်ခံရခြင်းကို “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီဗဟိုကော်မတီ၊ “ဝ” ပြည်နယ်ပြည်သူ့အစိုးရ၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဗဟိုဌာနချုပ်နှင့် “ဝ” ပြည်နယ်ရှိပြည်သူများအားလုံးမှ ဂုဏ်ပြုဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။
သဝဏ်လွှာ၌ ပြည်ထောင်စုနိုင်ငံတော်၏ မူဘောင်အောက်တွင် ပြည်ထောင်စုအစိုးရနှင့် ဆက်လက်ဆက်သွယ်ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းသောဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် မိမိတို့၏ နိုင်ငံရေးဆန္ဒများကို အကောင်အထည်ဖော်ကာ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွတွန်းအားပေး ဆောင်ရွက်သွားမည်ဟုလည်း ရေးသားထားသည်။
ထို့ပြင် သမ္မတကြီး၏ ဦးဆောင်မှုအောက်တွင် နိုင်ငံတော်သည် ငြိမ်းချမ်းတည်ငြိမ်မှု၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု၊ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်မှုနှင့် တိုင်းရင်းသားပြည်သူအားလုံးသာယာဝပြောမှုတို့အမြန်ဆုံး ရရှိလိမ့်မည်ကိုအခိုင်အမာယုံကြည်သည်ဟုလည်း ရေးသားထားသည်။
“ဝ” ပြည်နယ်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ခွဲထွက်မရသည့်အစိတ်အပိုင်းတစ်ခုဖြစ်၍ နိုင်ငံတော်မှခွဲထွက်ခြင်း၊ သီးခြားလွတ်လပ်ရေးကြေညာခြင်းမရှိစေရန် အခိုင်အမာရပ်တည်ထားကာ “ဝ”ပြည်နယ်သည် ငြိမ်းချမ်းသောဖွံ့ဖြိုးတိုးတက်မှုလမ်းစဉ်ကိုလျှောက်လှမ်းရန် စွဲမြဲစွာဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းရင်းသားတန်းတူညီမျှရေး၊ စည်းလုံးညီညွတ်ရေးနှင့် ပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကိုမြှင့်တင်ဆောင်ရွက်ကာ နယ်စပ်ဒေသ၏ တည်ငြိမ်အေးချမ်းမှုကိုဆက်လက်ထိန်းသိမ်းသွားမည်ဟုလည်း သဝဏ်လွှာ၌ ရေးသားထားသည်။
