မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အလိုတော်ပြည့်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ယနေ့ နိုဝင်ဘာ ၂၉ ရက်မှစတင်ကာ အလိုတော်ပြည့်ဆရာတော်ကြီးနှင့် သံဃာတော်များမှ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းများဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အလိုတော်ပြည့်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကိုလည်း ယနေ့ နိုဝင်ဘာ ၂၉ ရက်နံနက်ပိုင်းကကျင်းပရာ သီလခံယူဆောက်တည်ခြင်း၊ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းဆက်ကပ်ခြင်း၊ ပရိတ်တရားတော်နာကြားခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အလိုတော်ပြည့်ဘုရားကြီးအား (AD-11) ရာစုက ကျန်စစ်သားမင်းကြီးတည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကာ ဒုတိယအကြိမ် ပြန်လည်ပြုပြင်မွမ်းမံသူမှာ မင်းဆရာသင်ကြီးငတုတ်သင်ဖြစ်ပြီး အလိုတော်ပြည့်ဘုရားကြီး၏ ထူးခြားအံ့ဩဖွယ်ကောင်းသော ဝိသေသလက္ခဏများမှာ ၁၃၅၄ ခုနှစ် (နတ်တော်လပြည့်နေ့) ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပစဉ် စေတီတစ်ဆူလုံး ဖြူ၊ နီ၊ ရွှေ၊ ပြာအရောင်အဆင်းအမျိုးမျိုးဖြင့် ဓာတ်တော်များစေတီအပေါ် (၁၀) ပေခန့်အထိ လျှံတက်ကွန့်မြူးတော်မူခဲ့သည်။
ထို့ပြင် အလိုတော်ပြည့်ဘုရားကြီးအား ဖူးမြှော်ရန်ရောက်ရှိသူတိုင်း ငါးပါးသီလခံယူဆောက်တည်၍ ဂုဏ်တော်ကိုးပါးပွားများပြီး မိမိလိုသော ဆုတစ်ပန်ဆင်ပါကအလိုပြည့်ကာ စေတီလေးမျိုးအနက် ဓာတုစေတီဖြစ်ပြီး စေတီတော်လှိုဏ်အတွင်း၌ ရှေးဟောင်းဗိသုကာလက်ရာများ၊ မင်စာများရှိသည်။
