သရုပ်ဆောင် ခွန်းဆင့်နေခြည် ကိုယ်တိုင်ထုတ်လုပ်သူအဖြစ် ရိုက် ကူးထားပြီး ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ ‘မှော်ဝင်သမန်းကျား’ ရုပ်ရှင် ဇာတ်ကားကြီး ရုံတင်ပြသပြီးချိန်မှာတော့ ပရိသတ်တွေက သဘောကျ နှစ်သက်ခဲ့ကြပါတယ်။ နောက်ထပ်လည်း ပရိသတ်အတွက် ဆန်းသစ်တဲ့ရသတွေ ပေးချင်တယ် ဆိုတာကို ခွန်းဆင့်နေခြည်က အခု လိုပဲ ပြောပါတယ်။
‘အစ်မကရုပ်ရှင်ရိုက်ကူးရေးအပိုင်းက အနည်းငယ်ကျဲတယ်။ ရိုက်လိုက်တဲ့ ဇာတ်ကားမှာလည်း ထူးထူးခြားခြားလေးတွေဖြစ်ချင်တယ်။ အစ်မအရင် ဗီဒီယိုခေတ်တုန်းက ဟာသကားတွေရိုက်ဖူးတယ်။ ဟာသကာရိုက်တာနဲ့ ကိုယ့် ကိုယ်ကိုယ်မလိုက်ဖက်ဘူး၊ အံမဝင်ဘူးလို့ထင်တဲ့အတွက် မရိုက်ဖြစ်ပါဘူး။ ပရိ သတ်ကို ဆန်းသစ်တဲ့ရသတွေပေးချင်တယ်။ ထူးခြားတဲ့ပုံစံမျိုးတွေ ထပ်ပြီး ဖန်တီးချင်တယ်။ ဇာတ်ရုပ်ဆန်းဆန်းလေးမှာ သရုပ်ဆောင်ချင်တယ်။ အဲဒါ ကြောင့် နောက်ထပ်ရိုက်မယ့်ရုပ်ရှင်ဇာတ်ကားမှာလည်း အခုရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားထက် Quality မလျော့တဲ့ ဇာတ်လမ်းပုံစံမျိုးဖြစ်ချင်တယ်။ မတူညီတဲ့ကာရိုက်တာပုံစံမျိုးကိုလည်း ထပ်ပြီးဖန်တီးသွားဦးမှာပါ’လို့ ခွန်းဆင့် နေခြည်က ပြောပြခဲ့ပါတယ်။
‘မှော်ဝင်သမန်းကျား’ရုပ်ရှင်ဇာတ်ကားကြီးက ငွေကြေးအကျိုးအမြတ် မရရှိဘဲ အရှုံးပေါ်ခဲ့တာနဲ့ပတ်သက်ပြီးလည်း ခွန်းဆင့်နေခြည်က ‘မှော်ဝင်သ မန်းကျား’ဇာတ်ကားက ရိုက်ကူးစဉ်ကတည်းက သာမန်ဇာတ်ကား ထက်ရိုက်ကူး စရိတ်က ၃ဆလောက်ကုန်သွားတဲ့အတွက် အမြတ်အစွန်းနည်းလိမ့်မယ်ဆိုတာ အစောကြီးကတည်းကအစ်မကြိုသိထားတယ်။ အခုဇာတ်ကားက အစ်မငွေတွေ အများကြီးကုန်သွားတဲ့အတွက် အစ်မအမြတ်အစွန်းမရှိဘူး။ အရင်းကျေလားဆို တော့လည်း အရင်းမကျေဘူး။ ရှုံးတောင်ရှုံးပါသေးတယ်။ သာမန်ဇာတ်ကား တစ်ကားဆိုမြတ်ပါတယ်။ အစ်မက ဇာတ်ကား ၃ ကားစာလောက်ကုန်သွားတဲ့ အတွက် အရင်းတောင်မကျေပါဘူး။ အစ်မဘာမှတော့ ခံစားချက်မထားဘူး။ အစောကြီးကတည်းက အစ်မအမြတ်မရနိုင်ဘူးဆိုတာ ကြိုတွေးထားတယ်။ အခုမှော်ဝင်သမန်းကျားဇာတ်ကားကိုကြည့်ပြီးတဲ့ ပရိသတ်တစ်ယောက်ချင်း စီတိုင်းကသဘောကျတယ်၊ ကြိုက်ကြတယ်၊ သူတို့ရဲ့ရင်ထဲမှာ ရသလေးတစ်ခု ကျန်ခဲ့တယ်ဆိုပြီး ၉၅ ရာခိုင်နှုန်း လောက်က အကောင်းပြောကြတဲ့အတွက်လည်း ဝမ်းသာတယ်။ ပရိသတ်တွေဆီက ကောင်းတဲ့ Feedback လေးတွေ ပြန်ရလိုက် တာဖြစ်တဲ့အတွက်လည်းကျေနပ်ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်’လို့ ပြော ပြခဲ့ပါတယ်။
ခိုင်ဝါဝင်း၊
ဓာတ်ပုံ-မင်းမင်းထွန်း