သဘာဝကျတဲ့သရုပ်ဆောင်မင်းသားတစ်ဦးအနေနဲ့ ပရိသတ်တွေအားပေးမှုရရှိနေတဲ့ နေမျိုးအောင်က ဘယ်လိုကာရိုက်တာမျိုးပဲလာလာ အနုပညာနဲ့ ပရိသတ်ကို အကောင်းဆုံး ပေးဆပ်သွားဖို့အတွက် စိတ်နှလုံးသွင်းထားသူပါ။ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင် ရမှာဘဲ ဆိုတဲ့ နေမျိုးအောင်က… “သရုပ်ဆောင်တစ်ယောက်အနေနဲ့ကတော့ ဒရမ်မာလဲရမယ်။ အက်ရှင်လဲရမယ်။ ဖန်စီလဲရမယ်။ ဟာသလဲရမယ်။ အနုပညာဝမ်းစာကတော့ လူတိုင်းကိုယ်စီရှိကြတာပဲ။ ကိုယ့်စီရောက်လာမယ့် ဇာတ်ရုပ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားနိုင်ဖို့အရေးကြီးပါတယ်။ တန်ဖိုးရှိအောင်ပေါ့။ ပရိသတ်ကို ချပြတဲ့နေရာမှာလဲ တန်ဖိုးရှိတဲ့အနုပညာကို ချပြနိုင်ဖို့အရေးကြီးတယ်လေ။ တန်ဖိုးမရှိတဲ့အနုပညာကို ချပြရင်တော့ မကောင်းဘူးပေါ့။” လို့ပြောပါတယ်။ နေမျိုးအောင်က ဗီဒီယိုဇာတ်ကားတွေ အများဆုံးရိုက်ကူးခဲ့ပြီး နယ်ပရိသတ်တွေ အခိုင်အမာရရှိခဲ့သူပါ။ အခုအချိန်မှာ ဗီဒီယိုဈေးကွက်ပျက်သွားတဲ့အတွက် နယ်ပရိသတ်တွေ ဗီဒီယိုဇာတ်ကားအသစ်တွေတော့ မကြည့်ရတော့ပေမယ့် ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေပါတယ်လို့ ဆိုတဲ့ နေမျိုးအောင်က . . .
“အရင်တုန်းက ရိုက်ထားတဲ့ ဇာတ်ကားဟောင်းတွေကို ချန်နယ်တွေက ၀ယ်ပြတယ်။ နယ်တိုင်းမှာ ချန်နယ်အသီးသီး ၀ယ်ပြီးတော့ မြန်မာရုပ်ရှင်ကားဟောင်းတွေကိုပြန်ကြည့်နေရတယ်ပေါ့။။ နောက်တစ်ခုအားသာတာက ချန်နယ်အသီးသီးက ဇာတ်လမ်းတွဲတွေ ၀င်လာတယ်။ ပရီသတ်တွေအနေနဲ့ အသစ်သစ်တွေတော့ ပြန်ကြည့်နေရတာပေါ့။ ရုပ်ရှင်ဇာတ်ကားကြီးဆိုတာက နယ်တွေမှာ ရုပ်ရှင်ရုံတွေဆိုတာ ရှိတဲ့နေရာလဲရှိတယ်။ မရှိတဲ့နေရာလဲ မရှိကြဘူး။ မရှိတဲ့နေရာကျတော့ တီဗီချန်နယ်တွေက ကျွန်တော်တို့သရုပ်ဆောင်ထားတဲ့အသစ်တွေကိုတော့ ရင်းရင်းနှီးနှီးကြည့်နေရဦးမှာပေါ့။ ဗီဒီယိုခေတ်တုန်းကလိုတော့ စက်နဲ့လှည့်ထုတ်သလို အသစ်ပြီးအသစ်တော့ မကြည့်ရတော့ဘူးပေါ့။” လို့ပြောပါတယ်။ အခုအချိန်မှာ ရုပ်ရှင်လောကသားတွေအနေနဲ့ ပရိသတ်တွေအတွက် ရသစုံရိုက်ကူးတင်ဆက်နိုင်ဖို့လဲ အရေးကြီးပါတယ်။ ဇာတ်ကားတစ်ကားကောင်းဖို့ အဖက်ဖက်က ကြိုးစားဖို့မူတည်ပြီး ဇာတ်ကားကောင်းရင် ပရိသတ်တွေရဲ့ လက်ခံအားပေးမှုရမှာဖြစ်သလို ဇာတ်ကားမကောင်းရင်တော့ ပရိသတ်တွေရဲ့ အားပေးမှုရမှာမဟုတ်ဘူးလို့လဲ ဆိုပါတယ်။
ခိုင်ဝေလွင်၊ ဓာတ်ပုံ- အောင်ဇော်မင်း