အလွန်အင်အားပြင်းထန်သည့် မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သော နေပြည်တော်၏ မြို့အကွက်ချမှုပုံစံကို ပြန်လည်တွက်ချက်ရေးဆွဲသွားမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယမန်နေ့ ဧပြီ ၁၈ ရက်နေ့လည်ပိုင်းကပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
” နေပြည်တော်ရဲ့ မြို့အကွက်ချမှုပုံစံကို ပြန်လည်တွက်ချက်ရေးဆွဲသွားဖို့စီစဉ်နေပါတယ်။ တွက်ချက်လို့ရတဲ့ ငလျင်ကြောပေါ်မှာရှိနေတဲ့ အဆောက်အဦတွေကို ပြောင်းရွှေ့နေရာချထားဖို့အတွက်ဆောင်ရွက်ရပါမယ်” ဟု နစကဥက္ကဋ္ဌကပြောသည်။
ထို့ပြင် ငလျင်မကြာခဏလှုပ်ခတ်နေသည့် နိုင် ငံများ၏ အဆောက်အဦများကို နမူနာယူ တည်ဆောက်ရန်၊ အဆောက်အဦများအား မြေစမ်းသပ်မှု(Soil Test)များဆောင်ရွက်ပြီးမှသာ အသစ်တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းတို့ကိုဆောင်ရွက်သွားရန် မှာကြားသည်။
” ရုံးဌာနအဆောက်အဦတွေကို ပြန်လည်ပြုပြင်တည်ဆောက်ရာမှာ အနည်းငယ်သာထိခိုက်ပျက်စီးတဲ့ အဆောက်အဦတွေကိုဦးစားပေးအနေနဲ့ အင်ဂျင်နီယာတွေကစမ်းသပ်ပြီးမှသာ သတ်မှတ်ချက်တွေနဲ့အညီပြုပြင်ရပါမယ်။ နောက်ပြီး မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောနေရာတွေကို စနစ်တကျသုတေသနပြုလုပ်ရပါမယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။
ထိုပြင် ဝန်ထမ်း မိသားစုများ ယာယီနေထိုင်ရန်နေရာများတည်ဆောက်ရာတွင် (၂)ခန်းတွဲများသာတည်ဆောက်၍ ရေ၊ မီးများ လုံလောက်စွာရရှိရန်၊ လုံခြုံမှုရှိစေရန် စီစဉ်ဆောင်ရွက်ပေးရမည်ဟု မှာကြားသည်။
အချို့ ထိခိုက်ပျက်စီးခဲ့ရသည့် အဆောက်အဦများတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်များ၊ ဒီဇိုင်းများအတိုင်း ဆောင်ရွက်ခြင်းမရှိခဲ့မှုများအပေါ် ပြန်လည်စိစစ်ရမည်ဟု လည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။