နိုင်ငံတော်မှခွင့်ပြုပေးထားသည့် ဘဏ္ဍာငွေများကို အကျိုးရှိရှိအသုံးပြုရန် မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ အောက်တိုဘာ ၂၈ ရက်မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်း/ ပြည် နယ်ဝန်ကြီးချုပ်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ရာ၌မှာကြားခဲ့ခြင်းဖြစ်သည်။
တိုင်းနှင့် ပြည်နယ်များအနေဖြင့် နိုင်ငံတော်မှခွင့်ပြုပေးထားသည့် ဘဏ္ဍာငွေများကို အကျိုးရှိရှိအသုံးပြုရန်လိုကာ လုပ်ငန်းရပ်များအလိုက် ငွေကြေးသုံးစွဲပါက လည်ပတ်သုံးစွဲငွေမြင့်တက်လာပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်ပေါ်စေမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
လုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် အခြေခံလူတန်းစားများ တစ်ဦးချင်းဝင်ငွေတိုးပွားလာမည်ဖြစ်ပြီး စားရေး၊ ဝတ်ရေးတို့တွင် သုံးစွဲငွေများမြင့်တက်လာပြီး လူမှုစီးပွားများလည်း တိုးတက်မြင့်မားလာနိုင်မည်ဖြစ်သည့်ပြင် ငွေကြေးလည်ပတ်မှုများပိုမိုဖြစ်ပေါ်လာစေပြီး ဝယ်လိုအားနှင့်ရောင်းလိုအားများကောင်းမွန်လာမည်ဖြစ်ကာ အခြေခံအဆောက်အအုံများ ပိုမိုဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုလာမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဘဏ္ဍာငွေသုံးစွဲမှုများကို မှန်မှန်ကန်ကန်နှင့် အကျိုးရှိရှိအသုံးချရန်လိုကာ ခွင့်ပြုငွေများအလိုက် အချိန်တိုအတွင်း၌ နိုင်ငံတော်နှင့် အများပြည်သူတို့အတွက် အကျိုးဖြစ်ထွန်းစေနိုင်မည့် (Quick Win) လုပ်ငန်းများကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရမည်ဟုလည်း မှာကြားခဲ့ကြောင်း သိရသည်။
