ထိုင်းနိုင်ငံရှိ ရေကြီးရေလျှံမှုဖြစ်ပွားနေသည့်နေရာများမှ Cl သက်တမ်းတိုးလျှောက်ထားရမည့်သူများအနေဖြင့် မည်သည့်စခန်းများတွင်မဆို သွားရောက်ဆောင်ရွက်နိုင်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သိရသည်။
ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity- CI) ထုတ်ပေးရေးစခန်း ၄ ခုကို စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်၊ ဆူရတ်ဌာနီမြို့များတွင် ၂၀၂၅ ခုနှစ် ဩဂုတ် ၆ ရက်မှ စတင်၍လည်းကောင်း၊ Mobile Unit ၁ ခုကို ကရာဘီမြို့တွင် အောက်တိုဘာ ၁၀ ရက်မှစတင်၍လည်းကောင်း ဖွင့်လှစ်၍ CI သက်တမ်းတိုးလုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးလျက်ရှိသည်။
ယခုအခါ ရေကြီးရေလျှံမှုများဖြစ်ပွားနေသည့် ထိုင်းနိုင်ငံ၊ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့နှင့် အနီး တစ်ဝိုက်ဒေသများရှိ အလုပ်သမားများအနေဖြင့် CI စာအုပ်ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းများ ဖြစ်ပေါ်ခြင်းနှင့် ငွေပေးသွင်းထားပြီး CI ပြုလုပ်ရန်ကျန်ရှိသူများအနေဖြင့် ငွေပေးသွင်းထားသည့် စခန်းများတွင် သွားရောက်ပြုလုပ်ရန် အခက်အခဲဖြစ်ပေါ်ခြင်းများရှိပါက အလုပ်သမားများ အဆင်ပြေစေရေးအတွက် နီးစပ်ရာ CI စခန်းများသို့ သွားရောက်လျှောက်ထားနိုင်ကြောင်း အသိပေးထားသည်။
Cl လျှောက်ထားသူ၏ ကိုယ်ရေးအချက်အလက်များကို စခန်းရှိအချက်အလက်များနှင့် တိုက်ဆိုင် စိစစ်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
