မြန်မာ-အိန္ဒိယ-ထိုင်း (၃)နိုင်ငံအဝေးပြေးလမ်းမ စီမံကိန်းအား အင်မတန်အလေးထားသည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံ DD India သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းမှုပြုလုပ်စဥ်ဖြေကြားခဲ့ခြင်းဖြစ်သည်။
“မြန်မာ-အိန္ဒိယ-ထိုင်း (၃) နိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းဟာ မိုင်ပေါင်း (၈၀၀) ကျော် ရှည်ပါတယ်။ အဓိက ကတော့ မြန်မာနဲ့ ထိုင်းနိုင်ငံရဲ့လမ်းကြောင်းတွေကတော့ အတော်များများသွားနေပါတယ်။ အိန္ဒိယဘက်ခြမ်းကတော့ အရေးကြီးပါတယ်။ အိန္ဒိယမှာလည်း အရှေ့မြောက်ဒေသ တမူးနဲ့ မိုရေးနဲ့ ဆက်သွယ်တဲ့လမ်းပေါက်သွားတဲ့လမ်းကြောင်းပါ။ ဒါ့ကြောင့် အိန္ဒိယနိုင်ငံအတွက် ပိုပြီးတော့အရေးကြီးပါတယ်”ဟု နိုင်ငံတော်သမ္မတက ပြောသည်။
“အရေးကြီးတာက မြန်မာနိုင်ငံကို အိန္ဒိယထုတ်ကုန်တွေ နယ်စပ်ကုန်သွယ်ရေးကတစ်ဆင့်လာနိုင်ဖို့၊ အိန္ဒိယပြည်သူ၊ ပြည်သားတွေ မြန်မာနိုင်ငံကို နယ်စပ်လမ်းပေါက် နယ်စပ်ဂိတ်ကနေ မြန်မာနိုင်ငံဘက်ကို ကူးလူးဆက်ဆံနိုင်ဖို့ရယ်ကို ပိုပြီးတော့ ဦးစားပေးစဥ်းစားရမှာပါ”ဟု နိုင်ငံတော်သမ္မတက ပြောသည်။
“စီမံကိန်းရဲ့ တစ်ချို့နေရာတွေဟာ လုံခြုံရေးအခြေအနေအရအခက်အခဲရှိလို့ ရပ်ထားရပါတယ်။ အခု လုံခြုံရေးကို ပိုမိုတိုးတက်အောင်ဆောင်ရွက်နေပါတယ်။ ၂၀၂၁ ခုနှစ်မှာဖြစ်ပေါ်ခဲ့တဲ့ မြန်မာ့နိုင်ငံရေးအခြေအနေအရ အဲ့ဒီနေရာတွေမှာ မတည်မငြိမ်ဖြစ်ခဲ့ရပါတယ်။ အခု အဲဒီနေရာတွေကို တပ်မတော်က အကုန်ရှင်းလင်းနေပါပြီ” ဟု နိုင်ငံတော်သမ္မတက ပြောသည်။
“မကြာခင်မှာ ကလေးနဲ့ တမူးကို ဆက်သွယ်တဲ့လမ်းကြောင်းကိုအရင်ဆုံးဖွင့်နိုင်အောင်ကြိုးစားနေပါတယ်။ အဲ့ဒါပြီးရင် နယ်စပ်ဂိတ်ဖွင့်လို့ရပါပြီ။ အဲ့ဒီကနေပြီး မြန်မာနိုင်ငံအလယ်ပိုင်းကနေဖြတ်ပြီး ထိုင်းနိုင်ငံကိုသွား အဓိကကတော့ မြန်မာနဲ့ အိန္ဒိယနယ်စပ်ဒေသ ပုံမှန်အခြေအနေပြန်လည်ရောက်ရှိရေးက ပိုအရေးကြီးပါတယ်။ ဒါကိုဦးစားပေးဆောင်ရွက်နေပါတယ်”ဟု နိုင်ငံတော်သမ္မတက ပြောသည်။
