ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအပါအဝင် ထိခိုက်နစ်နာသူများအတွက် တရားမျှတမှုရရှိအောင် အဖက်ဖက်မှကူညီဆောင်ရွက်ပေးခဲ့သည့် မြန်မာသံရုံး၏ ကြိုးပမ်းအားထုတ်မှုကို ထိုင်းအစိုးရက အသိ အမှတ်ပြုကာ” ထူးချွန်အဖွဲ့အစည်း”
(Excellent Organization) ဂုဏ်ထူး ဆောင်ဆုတံဆိပ်ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ယနေ့ မေ (၆) ရက်တွင် နွန်ထဘူရီခရိုင်ရှိ IMPACT FORUM ၌ ထိုင်းတရားရေးဝန် ကြီးဌာနမှ ကြီးမှူးကျင်းပသည့် “နစ်နာသူ များအား လျင်မြန်၊ လွှမ်းခြုံ၍ မျှတစွာ ကူညီစောင့်ရှောက်ပေးခြင်း (၂၄) နှစ်တာ ခရီးစဉ်” အမျိုးသားအဆင့် အခမ်းအနားတစ်ခုလည်းဖြစ်သည်။
အဆိုပါ ချီးမြှင်ပွဲအား ထိုင်းနိုင်ငံတော်ဝန်ကြီးချုပ် H.E. Mr. Anutin Charnvi rakul ကိုယ်တိုင် တက်ရောက်အမှာစ ကား ပြောကြားခဲ့ပြီး၊ တရားရေးစနစ်အောက်တွင် နစ်နာသူများအား ကူညီရာ၌ ထူးချွန်သည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များကို ဆုတံဆိပ်များ ပေးအပ်ခဲ့သည်။
ပြည်ပသံရုံးများအနက် ထိုင်းနိုင်ငံနှင့် အနီး ကပ်ဆုံး ပူးပေါင်းဆောင်ရွက်ခဲ့သည့် မြန်မာသံရုံး၊ လာအိုသံရုံးနှင့် တောင်ကိုရီးယားသံရုံးတို့ကိုသာ ရွေးချယ်ချီးမြှင့်ခဲ့ခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံသံရုံးကိုယ်စား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးမှ တက်ရောက်ကာ ဂုဏ်ထူးဆောင်ဆုတံဆိပ်ကို လက်ခံရယူခဲ့သည်။
မြန်မာသံရုံးအနေဖြင့် ထိုင်းနိုင်ငံအတွင်း အမှုကိစ္စများတွင် ထိခိုက်နစ်နာရသည့် မြန်မာနိုင်ငံသားများအတွက် တရားမျှတမှုနှင့် အကူအညီများ အမြန်ဆုံးရရှိအောင် အစဉ်တစိုက် ကြိုးပမ်းနေမှုကြောင့် ယခုကဲ့သို့ ထူးချွန်ဆုကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
