မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသော ၂၀၂၆ ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ (ISTAF World Cup 2026) တွင် မြန်မာအမျိုးသားပိုက်ကျော်ခြင်းအသင်းသည် နာမည်ကြီး ထိုင်းအသင်းကို အကြိတ်အနယ်ယှဉ်ပြိုင်အနိုင်ယူကာ ၄ ယောက်တွဲပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။
ယနေ့ကျင်းပပြုလုပ်သည့် Quadrant Event ကွာတားဖိုင်နယ်ပွဲစဉ်တွင် မြန်မာအသင်းသည် အာရှအင်အားကြီး ထိုင်းအသင်းနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းလည်းဖြစ်သည်။
မြန်မာအသင်းအတွက် ပွဲထွက်လူစာရင်းတွင် အာဒစ်၊ ရှိန်းလေး၊ ကျောင်းတိုက် မျိုးလေးတို့က အမာခံကစားသမားများအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ပွဲစဉ်တစ်လျှောက်နှစ်ဖက်အပြန်အလှန် အကြိတ်အနယ်ရှိခဲ့ပြီး မြန်မာအသင်းက ပွဲရလဒ် (၂) ပွဲ (၁) ပွဲဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အမှတ်ရရှိမှုများအနေဖြင့် ပထမပွဲစဉ်၌ မြန်မာအသင်းက (၁၇ – ၁၆) မှတ်ဖြင့်အနိုင်ရရှိသလို ဒုတိယပွဲစဉ်၌(၆-၁၅) မှတ် ထိုင်းအသင်းအနိုင်ရကာ တတိယပွဲစဉ်တွင် (၁၅ – ၁၂ )မှတ်ဖြင့် မြန်မာကအနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်
နိုင်ပွဲကြောင့် မြန်မာအသင်းသည် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ခွင့်ရရှိသွားပြီဖြစ်ပြီး၊ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မြန်မာ့ပိုက်ကျော်ခြင်း အားကစား၏ ဂုဏ်ကို ထပ်မံမြှင့်တင်နိုင်ခဲ့သည်။
