မတ္တရာ၊ ဩဂုတ်-၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်အတွင်းရှိ တံငါချောင်းမကြီးသည် ယနေ့ သြဂုတ်လ ၈ ရက် နံနက် ၆ နာရီခွဲအချိန်ခန့်တွင် ရေလျှံတက်လာခဲ့သဖြင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာအချို့အတွင်းသို့ ရေများ စတင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
တံငါချောင်းမကြီး ရေလျှံမှုကြောင့် မတ္တရာမြို့နယ်အတွင်းရှိ တံငါတောင်ကျေးရွာ၊ ရေချောင်းဗိုလ်ကျေးရွာ၊ ပုဂံစုကျေးရွာ၊ ရခိုင်စုကျေးရွာနှင့် အညာကိုင်းကျေးရွာတို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ရေဝင်ရောက်သည့် ကျေးရွာများရှိ ပြည်သူများအား မတ္တရာမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မတ္တရာ Rescue အသင်းသားများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေး ပရဟိတအသင်းသားများ ပူးပေါင်း၍ ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးလျက်ရှိသည်။
ရေဘေးသင့် အိမ်ထောင်စုများကို အထက်တောင်ကိုင်းကျေးရွာအုပ်စု၊ ဉမင်ကျေးရွာရှိ စာသင်ကျောင်း၊ တိုက်နယ်ဆေးရုံနှင့် ရုံပင်ကျေးရွာ ဘုန်းကြီးကျောင်းတို့သို့ အရေးပေါ် ကူညီရွှေ့ပြောင်းပေးထားကြောင်း သိရသည်။
