ရန်ကုန်၊ စက်တင်ဘာ ၁၃
၂၀၂၇ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ပေါင်းစုံ စက်ဘီးပြိုင်ပွဲ၌ ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု ယှဉ်ပြိုင်မည့် လက်ရွေးစင်အားကစားသမားများ ရွေးချယ်ရန် မြို့နယ်အလိုက် လူရွေးပွဲကို စက်တင်ဘာ ၁၉ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စက်ဘီးအားကစားကော်မတီထံမှ သိရသည်။
လူရွေးပွဲကို ကွင်းတွင်း 700C ချိန်းသေစက်ဘီးဖြင့် ကျင်းပမည်ဖြစ်ပြီး မီတာ ၈၀၀၊ မီတာ ၁၆၀၀ နှင့် မီတာ ၁၀၀၀၀ ပြိုင်ပွဲများ ထည့်သွင်းကျင်းပရန် သတ်မှတ်ထားသည်။
လူရွေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး စက်ဘီးအားကစားကော်မတီ၏ အပတ်စဉ်ပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၁၂ ရက်က ကန်တော်ကြီးပတ်လမ်းရှိ Sky Lake View Breakfast & Restaurant ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ပြိုင်ပွဲဝင်အားကစားသမားများအတွက် စက်ဘီးအားကစားသမား သက်သေခံကတ်ပြုလုပ်ရန် လျှောက်လွှာလက်ခံမည့် နောက်ဆုံးရက် သတ်မှတ်ရေး၊ ပြိုင်ပွဲဆိုင်ရာ ဆရာဝန်များနှင့် လူနာတင်ယာဉ်များ အသင့်ထားရှိရေး၊ ဒိုင်အဖွဲ့ဝင်များ စိစစ်တာဝန်ပေးရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် Fixed Gear နှင့် BMX ပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် လိုအပ်သည့် ကိစ္စရပ်များကို ကူညီပံ့ပိုးပေးနိုင်ရေးနှင့် သက်ဆိုင်ရာပြိုင်ပွဲဆိုင်ရာကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
