မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၂၅ ဦးထက်မနည်း ေ-သဆုံးခဲ့ပြီး စီးပွားရေးလုပ်ငန်းများ၊ စာသင်ကျောင်းများနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ထိခိုက်ပျ-က်စီးခဲ့ပြီးနောက် တရုတ်နိုင်ငံ အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်း ရေဘေးသင့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မေ ၂၀ ရက်တွင် ကယ်ဆယ်ရေးသမားများသည် လှေများအသုံးပြု၍လည်းကောင်း၊ ရေကူး၍လည်းကောင်း ရေဘေးပိတ်မိနေသူများကို ဘေးလွတ်ရာသို့ ကယ်ထုတ်ပေးခဲ့ကြကြောင်း သိရသည်။
ကျန်းရှီ၊ အန်ဟွေ၊ ဟူနန်၊ ဟူပေ၊ ကွီကျိုး၊ ကွမ်းရှီ၊ ကွမ်တုံနှင့် ဟိုင်နန်ဒေသများအပါအဝင် တရုတ်နိုင်ငံ တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ဆက်လက်၍ မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားပြီး မြေပြိုမှု၊ ရေကြီးရေလျှံမှုနှင့် မြို့ပြရေကြီးမှုအန္တရာယ်များ မြင့်တက်နိုင်ကြောင်း အာဏာပိုင်များက သတိပေးထားသည်။
တောင်ပိုင်း ကွမ်တုံပြည်နယ်ရှိ ဒေးချွန်းမြို့တွင် စကူတာများမှာ လက်ကိုင်ဘားသာမြင်ရသည်အထိ ရေမြုပ်ခဲ့ပြီး သစ်ပင်ပေါ်သို့ တက်ရောက်ခိုလှုံနေသူတစ်ဦးကို ကယ်ဆယ်ရေးသမားများက လေမှုတ်လှေဖြင့် ကယ်တင်ခဲ့ကြောင်း တရုတ်လူမှုကွန်ရက်ပလက်ဖောင်း Douyin တွင် ဖော်ပြထားသည့် ဗီဒီယိုများအရ သိရသည်။
အလယ်ပိုင်း ဟူပေပြည်နယ်တွင်လည်း အရေးပေါ်ကယ်ဆယ်ရေးနှင့် စစ်ဘက်ဝန်ထမ်းများက သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံပိုင် ရုပ်သံ CCTV ၏ ဖော်ပြချက်အရ နေအိမ်များအတွင်း ပိတ်မိနေသည့် သက်ကြီးရွယ်အိုများကို လှေများဖြင့် ကယ်ထုတ်ခဲ့ပြီး ကယ်ဆယ်ရေးဝန်ထမ်းအချို့သည် ပိတ်မိနေသူများထံ ရောက်ရှိနိုင်ရန် အဆောက်အအုံများအတွင်းသို့ ရေကူး၍ ဝင်ရောက်ကယ်ဆယ်ခဲ့ကြကြောင်း သိရသည်။
ဝေဟင်မှ ရို-က်ကူးထားသည့် ဗီဒီယိုများအရ ဟူပေပြည်နယ်နှင့် ယင်း၏တောင်ပိုင်း အိမ်နီးချင်း ဟူနန်ပြည်နယ်တို့တွင် ကျယ်ပြန့်သည့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။
တရုတ်မိုးလေဝသပညာရှင်များ၏ အဆိုအရ ကီလိုမီတာ ၁,၀၀၀ ကျော်အထိ ကျယ်ပြန့်သည့် မိုးရွာသွန်းမှုဖြစ်စဉ်မှာ ဘင်္ဂလားပင်လယ်အော်၊ တောင်တရုတ်ပင်လယ်နှင့် ပစိဖိတ်သမုဒ္ဒရာတို့မှ ရေငွေ့များ ပေါင်းဆုံလာခြင်းကြောင့်ဖြစ်ပြီး ရာသီဥတုစနစ် ရွေ့လျားမှုနှေးကွေးခြင်းကလည်း မိုးသည်းထန်စွာရွာသွန်းမှုကို ပိုမိုဖြစ်ပေါ်စေကြောင်း သိရသည်။
“မေ ၂၁ ရက်တွင် မိုးရွာသွန်းမှု နောက်တစ်ကျော့ ထပ်မံဖြစ်ပေါ်လာနိုင်ပြီး မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသအများအပြားတွင် မိုးရွာသွန်းမှု သိသိသာသာ မြင့်တက်နိုင်သည်” ဟု တရုတ်မိုးလေဝသဗျူရိုက ထုတ်ပြန်ထားသည်။
ထို့ပြင် ရှန်ရှီး၊ စီချွမ်၊ ဟူနန်၊ ကွမ်းရှီနှင့် ကွမ်တုံပြည်နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်းလည်း အာဏာပိုင်များက သတိပေးထားသည်။
Ref: The Straits Times
