တနင်္ဂနွေနေ့က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အဓိကအစည်းအဝေးတွင် နူးဒေလီသည်ပေကျင်းနှင့် ဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်စေရန် သန္နိဋ္ဌာန်ချထားကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီက ပြောကြားခဲ့သည်။
မိုဒီသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ နှစ်ရက်ကြာ အစည်းအဝေးအတွက် ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်၊ ဗဟိုအာရှ၊ တောင်နှင့် အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်းမှ ခေါင်းဆောင်များသည်လည်း ရောက်ရှိနေကြသည်။
အပြန်အလှန် လေးစားမှု၊ ယုံကြည်မှု၊ အခြေအနေကိုနားလည်သိရှိမှုတို့ကို အခြေခံ၍ မိမိတို့၏ ဆက်ဆံရေးကို တိုးတက်အောင်ဆောင်ရွက်ရန် သန္နိဋ္ဌာန်ချထားသည်ဟု ထိပ်သီးအစည်းအဝေးပြင်ပတွင် ပြုလုပ်သော အစည်းအဝေး၌ မိုဒီက ရှီကို ပြောခဲ့ကြောင်း အိန္ဒိယခေါင်းဆောင်၏ တရားဝင် X အကောင့်တွင်တင်ခဲ့သော ဗီဒီယိုအရ သိရသည်။
နူးဒေလီက ရုရှားရေနံကို ဝယ်ယူမှုကြောင့်ဆိုကာ အိန္ဒိယကုန်စည်များကို ဝါရှင်တန်က အခွန် ၅၀ ရာခိုင်နှုန်းချမှတ်ခဲ့ပြီးနောက် ငါးရက်အကြာတွင် ယခုအစည်းအဝေး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မိုဒီနှင့် ရှီတို့သည် အနောက်၏ ဖိအားကို ဆန့်ကျင်ရာတွင် စည်းလုံးညီညွတ်စွာဖြင့် ရှေ့ တန်းကဦးဆောင်ရန်ကြိုးပမ်းနေသည်ဟု လေ့လာသူများက သုံးသပ်ပြောကြားသည်။
နှစ်နိုင်ငံအငြင်းပွားနေသော ဟိမဝန္တာနယ်စပ်တွင် ငြိမ်းချမ်းပြီးတည်ငြိမ်သော အခြေအနေတစ်ရပ်ကို ဖန်တီးခဲ့ကြောင်း မိုဒီက ပြောကြားခဲ့သည်။ ယင်းနယ်မြေတွင် ၂၀၂၂ ခုနှစ်က နှစ်ဖက်တပ်များ အသေအပျောက်ရှိ တို-က်ခို-က်မှုဖြစ်ပွားခဲ့ပြီးနောက် ကာလကြာရှည်စစ်ရေးတင်းမာမှုဖြစ်ခဲ့ကာ နျူကလီးယားလက်နက်ပိုင် မဟာဗျူဟာပြိုင်ဘက်များအကြား ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်အများစု ရပ်တန့်သွားခဲ့ရသည်။
နယ်စပ်ရေးရာ စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ နှစ်နိုင်ငံအကြား သဘောတူညီချက်ရရှိခဲ့သည်ဟုလည်း အသေးစိတ်အချက်အလက်များ ကို မဖေါ်ပြဘဲ ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
“နယ်စပ်ပြဿနာကိုကြည့်ပြီး အထွေထွေတရုတ်-အိန္ဒိယဆက်ဆံရေးကို ကောက်ချက်ဆွဲလို့ မရပါဘူး” ဟု ရှီက ပြောကြားကြောင်းလည်း ရှင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။
နှစ်ဖက်သည် ပြိုင်ဘက်များ မဟုတ်ကြဘဲ မိတ်ဖက်များဆိုသည့် အမြင်အပေါ် အခြေခံပါက တရုတ်-အိန္ဒိယ ဆက်ဆံရေးသည် တည်ငြိမ်၍ များစွာ ကျယ်ပြန့်နိုင်ကြောင်း ရှီက ဆက်လက်ပြောဆိုသွားခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
